
ရေးမြို့နယ် နှင်းစံချောင်းကူးတံတားတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအတည်မပြုနိုင်သေး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံရွာ၊ နှင်းစုံတံတားတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်များနှင့် Ye Special Tasks Force အဖွဲ့တို့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်လမြိုင် – ရေး ကားလမ်းပေါ်ရှိ နှင်းစုံချောင်းကူးတံတားအား ပြုပြင်နေသောဆောက်လုပ်ရေးလုပ်သားများကို ကင်းစောင့်ပေးနေသော စစ်ကောင်စီတပ်သားများအား ကိုက် ၁၅၀ ခန့် အကွာမှနေ၍ ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တောင်ပံဖြန့်ကာတပ်ဖြန့်တိုက်ခိုက်သောကြောင့်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်ခဲ့ကြောင်း YSTFမှ သတင်းထုတ်ပြန်ထားသည်။
“စစ်ကောင်စီဘက်က ထိခိုက်မှုကတော့သေချာပေါက်ဖြစ်မှာပဲ။ အနီးကပ်ချိန်ပြီး သေချာခြုံခိုတိုက်တာဆိုတော့။ အဲ့နေရာကမြို့ပြင်ဆိုတော့ သူတို့သတင်းဖုံးရလွယ်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့စစ်ကြောင်းတွေကတော့ အဲ့အနီးအနားမှာရှိနေသေးတယ်” ဟု YSTF တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခဲ့မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသော်လည်း
မြေပြင်သတင်းအခက်အခဲကြောင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း YSTFအဖွဲ့မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
နှင်းစုံချောင်းကူးတံတားသည် ပေ ၁၂၀ ခန့်ရှည်ပြီး စက်တင်ဘာ ၂၁ ရက်တွင် အမည်မသိရှိရေသာအဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့်ပျက်စီးခဲ့ခြင်းဖြစ်သည်။
YSTFအဖွဲ့သည် စက်တင်ဘာ ၉ ရက်တွင်လည်း ရေးခရိုင်စုပေါင်းတရားရုံးအား ၆၀မမ ဗုံးသီးဖြင့် မိုင်းထောင်ဖောက်ခွဲရာ ရုံးခန်းပျက်စီးမှုများ ဖြစ်ခဲ့ကြောင်းသိရသည်။
#ရေး #နှင်းစံချောင်းကူးတံတား #စစ်ကောင်စီ #ကင်းစောင့် #YSTF
#Ayeyarwaddy_Times