မန္တလေးမှာ စစ်တပ်သတင်းပေးလို့နာမည်ကြီးသူ ၂ ဦး ပစ်ခတ်ခံရ၊ ၁ ဦးမှာ သေနတ်ဒဏ်ရာနဲ့ မြစ်ထဲခုန်ချထွက်ပြေးလို့ရေနစ်သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၈ ရက်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် စက်တင်ဘာ လ ၂၈ ရက် ယနေ့ မနက်ပိုင်းက တပ်သတင်းပေးဟု နာမည်ကြီးသူ ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ပစ်ခတ်ခံရသူများမှာ စစ်ကောင်စီတပ်သို့ သတင်းပေးနေသည်ဟု နာမည်ကြီးသည့် မဲကြီးနှင့် တင်ထွန်းအောင် ဆိုသူ ၂ ဦးဖြစ်ပြီး ကမ်းနားလမ်းတွင်စကားရပ်ပြောနေစဥ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး မဲကြီးဆိုသူမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်းသို့ချခုန်ထွက်ပြေးခဲ့ကြောင်း သိရသည်။

” သေသွားတဲ့ မဲကြီးဆိုတာက ဒီမြို့နယ် ဒလန်အကြီးစား အဓိကလူပဲ။ သူကပစ်ခံရပြီး ရင်ဘတ်ကိုထိတာ။ အဲဒီဒဏ်ရာကြီးနဲ့ ကြောက်လန့်ပြီး မြစ်ထဲခုန်ချပြီးသေသွားတာ။ နောက်တယောက်က ခြေထောက်ကိုထိတာဒဏ်ရာရသွားတယ် “ဟု မန္တလေးမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေနတ်ပစ်ခံရပြီးနောက် မြစ်အတွင်းခုန်ချသွားသည့် မဲကြီးအား နယ်မြေခံကယ်ဆယ်ရေး အသင်းအဖွဲ့များက မြစ်အတွင်းပြန်လည်ရှာဖွေရာ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအား ဒေသတွင်းတော်လှန်ရေးအင် အားစုများဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါ။

စက်တင်ဘာ ၂၆ ရက်နေ့ကလည်း မန္တလေးသိပ္ပံလမ်း ကြားရှိ KBZ ဘဏ်ခွဲတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရသေးကြောင်းသိရသည်။

ဓာတ်ပုံ – မန္တလေးမြို့နာရီစင်(ပုံဟောင်း)။

#AyeyarwaddyTimes