ဖမ်းဆီးခံထားရသည့် အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်ကို အင်းစိန်ထောင်တွင်းတရားရုံးက ထောင် ၃ နှစ်ထပ်မံ ချမှတ်

အောင်မြသန်း /ဧရာဝတီတိုင်းမ်

(ရန်ကုန်)၊ စက်တင်ဘာလ ၂၈ ရက်

ယခုလဆန်းက ပုဒ်မ ၅၀၅-က ဖြင့် ထောင် ၃ နှစ်အချခံထားရသော အလွတ်တန်း သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း အထူးတရားရုံးက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ ဖြင့် ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာထပ်မံ ချမှတ်လိုက်ကြောင်း ထောင်တွင်းတရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

“အရင်က ၃ နှစ်နဲ့ဆိုရင် အခုထပ်ချတဲ့ ၃ နှစ်ပေါင်းရင် ၆ နှစ်ဖြစ်ပြီ။ သူ့ကို အခုချတာက ဖယ်ဒရယ် ရေဒီယို FM နဲ့ ပက်သက်လို့ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု့အရ မတရားစွတ်စဲဲပီး ချတာ” ဟု ၎င်းနှင့်နီးစပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြေားသည်။

မထက်ထက်ခိုင်ကို ဗဟန်းတရားရုံးကနေနိုင်ငံတော် အကြည်ငြိုပျက်စေတဲ့ပုဒ်မ ၅၀၅ – ကဖြင့်စက်တင်ဘာလ ၁၅ ရက်နေ့ကလည်းထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

မထက်ထက်ခိုင်ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်၂ ခုစလုံးကသတင်းထောက်တွေကို အငြိုးတေးထားပြီး အမြင့်ဆုံးပြစ်ဒဏ်တွေကိုချမှတ်နေတာဖြစ်ပြီး စစ်ကောင်စီကသတင်းထောက်တွေသတင်းမရေးရဲအောင် ချိန်းခြောက်ခြင်းဖြစ်ကြောင်း ပြည်တွင် ရန်ကုန်မြို့အခြေစိုက် ဝါရင့်သတင်းစာဆရာတစ်ဦးက သုံးသပ်သည်။

လက်ရှိမြန်မာနိုင်ငံတွင် သတင်းသမားတွေကို ဖိနှိတ်ဖမ်းဆီးထောင်ချမှုက စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက လက်ရှိအခြေနေထိ ကမ္ဘာပေါ်တွင် ဒုတိယအများဆုံဖြစ်နေကြောင်း ဧရာဝတီတိုင်းမ်မှ စုံစမ်းသိရှိရသည်။

နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF ၏ အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံသည် အဆင့် ၁၇၆ သို့ ရောက်ရှိနေပြီး သတင်းလွတ်လပ်ခွင့်အားအနည်းဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျှက်ရှိနေသည်။

#အလွတ်တမ်းသတင်းထောက် #ထက်ထက်ခိုင် #ထောင်ဒဏ်၃နှစ် #ထပ်မံ #ချမှတ်

#Ayeyarwaddy_Times