
မွန်နှင့် ကရင်ပြည်နယ်ရှိ တပ်ရင်းများ၌ စစ်ကောင်စီက ကလေးအမေများကိုပါ ကင်းစောင့်ခိုင်းနေပြီး ကလေးထိန်းမည့်သူမရှိ၍ ကင်းရုံသို့ ကလေးပါခေါ်ပြီး သေနတ်ကိုင် ကင်းစောင့်နေရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၆ ရက်
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းမှ တပ်ရင်းများ၌ ကင်းစောင့်မည့်စစ်သားမရှိ၍ စစ်တပ်အရာရှိများက တပ်ရင်းမှ ရဲမေ (စစ်သားမိန်းမ) များကို
သေနတ်ပေး၍ ကင်းရုံများ၌ ၂၄ နာရီ အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။
ထိုသို့ ကင်းစောင့်ခိုင်းရာတွင် စစ်ကောင်စီက ကလေးအမေများပါမချန်ဘဲ ကင်းစောင့်ခိုင်းသည့်အတွက် မိခင်များမှာ မိမိကလေးများကိုပါ ကင်းရုံများသို့ခေါ်ဆောင်၍ သေနတ်ကိုင် ကင်းစောင့်နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။
“နောက်တန်းက တပ်ရင်းတွေမှာက စစ်သားက မရှိတော့ဘူး။ အဲဒါကြောင့် ရဲမေ (စစ်သားမိန်းမ) တွေကိုပါ ကင်းစောင့်ခိုင်းတယ်။ ကလေးအမေတွေပါ မကျန်ဘူး ကင်းစောင့်နေရတယ်။ ကင်းချိန်ကလည်း ၂၄ နာရီ အပြည့် သတ်မှတ်ထားတာ။ အဲဒါကို အလှည့်ကျကင်းစောင့်ပေးနေရတာ။ ကလေးအမေတွေက အိမ်မှာ ကလေးထိမ်းမယ့်လူမရှိတော့ ကင်းရုံကိုပါ
ကလေးတွေခေါ်လာပြီး သေနတ်ကိုင် ကင်းစောင့်နေရတယ်”ဟု ကရင်ပြည်နယ်အတွင်းရှိ တပ်ရင်းတစ်ခုမှ တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင့်အမျိုးသား အစည်းအရုံး – KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေများအား စစ်ရေးအရ သိမ်းပိုက်ရန်အတွက်အတွက် စစ်ကောင်စီ၏အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) နှင့် သထုံမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်မှ
တပ်ရင်းများစွာဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှုကို KNU လက်အောက်ရှိ KNLA KNDO တပ်များ၊ ကော်ဘရာ၊ ကျားဖြူ၊ Federal Wings အပါအဝင် PDF တပ်များ၊ KNDO မှခွဲထွက်၍ သီးခြားတည်ထောင်ထားသည့် ကော်သူးလေတပ်မတော်တို့က အပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ အထိနာလျှက်ရှိသည်။
စစ်ကောင်စီတပ်များမှာ ကရင်ပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာ၌ အထိနာနေသလို နောက်တန်းတပ်ရင်းများ၌ ကင်းစောင့်မည့် စစ်သားပင်မရှိ၍ ရဲမေ (စစ်သားမိန်းမ) များကိုပါ ကင်းစောင့်ခိုင်းနေပြီး လူကြီးများ ကင်း မစောင့်နိုင်ပါက ကလေးများကို လူစားထိုး၍ ကင်းစောင့်ခိုင်းစေကြောင်း သိရသည်။
“အခုက စစ်သားက ၃ ယောက်နဲ့ မိန်းမတွေက ၅ ယောက်နှုန်း၊ တရက်ကို ၈ ယောက်နှုန်းနဲ့ ကင်းချိန် ၃ နာရီစီ စောင့်ရတယ်။ အားလုံးပေါင်းရင်တော့ ကင်းချိန်က ၂၄ နာရီပေါ့။ တပ်ရင်းက အိမ်ထောင်သည်လိုင်းခန်းက ရှိသမျှ ရဲမေတွေ အကုန်အလှည့်ကျစောင့်နေရတာ။ အမေ၊ မိဘတွေ ကင်းမစောင့်နိုင်ရင် သူတို့ကိုယ်စား သေနတ်ကိုင်နိုင်တဲ့ကလေးတွေ
လွှတ်ပေးရတယ်။ တပ်ကလူကြီးတွေကလည်း ကလေးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လူရှိရင်ပြီးရော ကင်းစောင့်ခိုင်းနေတာ”ဟု မွန်ပြည်နယ်မှ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
#မြဝတီ #ရတခ #မပခ #ကရခ #ကလေးအမေ #ကင်းစောင့် #Ayeyarwaddy_Times