KPay အပိတ်ခံရသူများ ဗဟိုဘဏ်ဆီ တိုက်ရိုက်စာတင်ရန်နှင့် ဗဟိုဘဏ်ခွင့်ပြုလျှင် အကောင့်ပြန်ဖွင့်ပေးမည်ဟု KBZ ဘဏ်များပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီမှ KPay နှင့် Wave Money အစရှိသော မိုဘိုင်းငွေပေးချေမှုစနစ် (အွန်လိုင်းငွေကြေး အကောင့်များစွာကို စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ အွန်လိုင်း ငွေကြေးအကောင့်အများအပြားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း၌ မိမိနာမည်ဖြင့် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်နှင့် KPay ဖုန်းနံပါတ်တူညီသော်လည်း အကြောင်းပြချက် မရှိဘဲ အကောင့်အပိတ်ခံရသူများက ဒေသတွင်းရှိ KBZ ဘဏ်များထံသို့ သွားရောက်၍ အကောင့်ပြန်ဖွင့်ပေးရန် တောင်းဆိုကြရာ ဗဟိုဘဏ်ထံသို့ စာတင်ရန်နှင့် ဗဟိုဘဏ်ခွင့်ပြုပါက ဆောင်ရွက်ပေးမည်ဟု ပြောဆိုကြောင်း သိရသည်။

“ကျွန်တော့်မိတ်ဆွေတွေ KPay အကောင့်အပိတ်ခံရတယ်။ သူတို့ဖုန်းနဲ့ KPay ဖုန်း တူနေတာကို ဘလိုင်းကြီး အပိတ်ခံရတာ။ အဲဒါကို KBZ ဘဏ်သွားပြောတော့ ဗဟိုဘဏ်ကို စာတင်ပါတဲ့။ ဗဟိုဘဏ်က ပြန်ဖွင့်ပေးပါလို့ ခိုင်းရင် လုပ်ပေးမယ်တဲ့။ ဗဟိုဘဏ်က မညွန်ကြားဘဲ သူတို့ဘာမှ လုပ်မပေးနိုင်ဘူးလို့ ပြောတယ်”ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှပိတ်သိမ်းခဲ့သည့် အွန်လိုင်းငွေကြေးအကောင့်ပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ကောင်စီမှ သိမ်းပိုက်ရယူခဲ့သည့်ငွေပမာဏ ကျပ်သိန်း ၂ သောင်းကျော် ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့်နီးစပ်သူများက ဆိုသည်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းစုံစမ်းချက်များအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအများအပြားသာမက ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများအသုံးပြုနေသော အွန်လိုင်းငွေကြေးအကောင့်များစွာ ပိတ်သိမ်းခံခဲ့ရပြီး ငွေကြေးပမာဏမှာလည်း ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ၎င်းတို့ဘဏ်၏ဝန်ဆောင်မှုဖြစ်သည့် KPay အကောင့်များအပေါ် တာဝန်ယူမှုရှိရမည် ဖြစ်သော်လည်း ငွေအပ်နှံသူနှင့် KPay သုံးစွဲသူများအပေါ် တာဝန်ယူမှုလုံးဝမရှိသည့်အပေါ် များစွာ စိတ်ပျက်ကြောင်း အကြောင်းပြချက်မရှိ အကောင့်ပိတ်သိမ်းခံရသူများက ဝေဖန်ပြောဆိုသည်။

“အခုက ဗဟိုဘဏ်ခိုင်းမှ ပြန်ဖွင့်ပေးမယ်ဆိုတော့ သူတို့ဘဏ်တွေကို ဘယ်လိုစိတ်မျိုးနဲ့ ယုံကြည့်ရမလဲ။ သူတို့ပဲ သုံးပါ၊ စိတ်ချရတယ်ဆိုလို့ သုံးကြပြီးမှ ဒီအပေါ်မှာ KBZ ဘဏ်အနေနဲ့ ဘာတာဝန်ယူမှုမှ မရှိဘူး။ တကယ်တမ်းပြောရရင် မြန်မာပြည်က ပုဂ္ဂလိကဘဏ်တွေအပေါ် တစ်စက်မှ အယုံအကြည်မရှိတော့တာ”ဟု ပုသိမ်မြို့နယ်မှ လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက

ပြောသည်။

မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ်မှ KPay၊ ရိုးမဘဏ်မှ Wave Money၊ ဧရာဝတီဘဏ်မှ Aya Pay အစရှိသဖြင့် အွန်လိုင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတည်ထောင်၍ လုပ်ကိုင်ခဲ့သည့်အနက် KPay မှာ လူသုံးအများဆုံးဖြစ်ပြီး သုံးစွဲသူ ၁၁ သန်းကျော်ရှိကြောင်း ဗဟိုဘဏ်စာရင်းများအရ သိရသည်။

#KBZ #ကမ္ဘောဇဘဏ် #KPay #ဗဟိုဘဏ် #Ayeyarwaddy_Times