အင်းစိန်ထောင်မှ ပြစ်ဒဏ်ချမှတ်ခံပြီးသော နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများရှိနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၆ ရက်

ရန်ကုန်မြို့၊ အင်းစိန်ထောင်မှ ပြစ်ဒဏ်ချမှတ်ခံရပြီးသော နိုင်ငံရေး အကျဉ်းသားတချို့ကို အာဏာသိမ်းစစ်တပ်မှ နယ်မြို့များရှိ အကျဉ်းထောင်များသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ပြီးသော နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင်အတွင်း တစုတစည်းထဲ မရှိစေရေးအတွက် နယ်မြို့များရှိ ထောင်များသို့ ခွဲထုတ်ပို့ဆောင်နေကြောင်း၊ ဖမ်းဆီးထောင်ချခံထားရသော တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ မြို့ပြသပိတ်ကော်မတီဝင်များနှင့် လူငယ်များကို လူစုခွဲသည့်အနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း

အင်းစိန်ထောင်၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက ဧရာဝတီတိုင်းမ်သို့ အတည်ပြုသည်။

‘‘ဟုတ်ပါတယ်။ တချို့ကို နယ်ထောင်တွေကို ပို့လိုက်ပါပြီ။ အမိန့်ချပြီးသား အကျဉ်းသားတွေထဲကပါ။ လူအတိအကျ ကျနော်ပြောလို့မရသေးပါဘူး။ နောက်ပိုင်းလဲ ထပ်လုပ်ဖို့ရှိနေသေးပါတယ်။ ကျနော်ဒီလောက်ပဲ ပြောလို့ရတယ်’’ ဟု ၎င်းက Viber မှတဆင့် ဖြေကြားခဲ့သည်။

ရန်ကုန်အင်းစိန်ထောင်ရှိ ထောင်ဒဏ် ၃ နှစ်ချမှတ်ခြင်းခံရသော သတင်းထောက် မမေဘလ်ကိုလည်း ပဲခူးတိုင်း အနောက်ပိုင်းရှိ သာယာဝတီထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူတဦးကလည်း အတည်ပြုသည်။

သို့သော် မည်သူများကို မည်သည့်ထောင်များသို့ ပို့ဆောင်လိုက်သည်ကိုတော့ ဧရာဝတီတိုင်းမ်အနေဖြင့် စာရင်းအတည်ပြုချက် မရရှိခဲ့ပေ။ စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသောသူများထဲတွင် သတင်းမီဒီယာ အလုပ်လုပ်နေသူ ၅ဝ ကျော်အထိ ရှိနေပြီး ၂၅ ဦးကျော်က ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်သည်။

ထို့အပြင် အင်းစိန်ထောင်အတွင်း အဖမ်းဆီးခံထားရသောသူများသည် ထောင်၏ဝင်ဆန့်မှု ပမာဏထက် နှစ်ဆနီးပါးသို့ ရောက်ရှိနေပြီး အကျဉ်းသား၊ အချုပ်သားများအနေဖြင့် ကျပ်တည်းစွာနေထိုင်နေကြရကြောင်း အကျဉ်းသားမိသားစုများထံမှ သိရသည်။

‘‘ထောင်အကျတွေကို လူစုခွဲတာကတော့ ထောင်တွင်းမှာ လုပ်နေကြပဲ။ တခုရှိတာက အဲ့ဒီပြစ်ဒဏ်ကျပြီးသားသူတွေ အစုအဖွဲ့အလိုက် နေနေတာဟာ ထောင်အာဏာပိုင်တွေအတွက် အခက်အခဲ တခုခု ဖြစ်နိုင်မလားဆိုတဲ့ အတွေးဝင်လာရင် အကျဉ်းထောင်အာဏာပိုင်တွေ လုပ်နေကြပဲ။ နောက်တချက်က ပြစ်ဒဏ်ချပြီးသားတွေ များလာလို့ တခြားထပ်ချရမယ်၊

ထပ်ပြီးဖမ်းကာ ဒီထဲမှာ ချုပ်ထားရမယ်ဆိုတဲ့ အနေအထားတွေ များနေရင်လဲ ထောင်ထဲက ပြစ်ဒဏ်ကျပြီးသားသူတွေကို လူလျော့တဲ့အနေနဲ့ တခြားထောင်တွေကို ခွဲထုတ်တယ်။ ဟိုးအရင်ထဲက လုပ်နေကြပါ။ သိပ်တော့လည်း မထူးဆန်းပါဘူး’’ ဟု အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁ဝ နှစ်ကျော် နေထိုင်ခဲ့ရဖူးသည့် နိုင်ငံရေးအကျဉ်းသား တဦးက မှတ်ချက်ပြုသည်။

#Ayeyarwaddy_Times