အလွတ်သတင်းထောက် မညိမ်းညိမ်းအေး (ခ) မေဘယ်လ်ကို အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ဇန်နဝါရီ ၁၉ ရက်

ရန်ကုန်မြို့မှ အလွတ်သတင်းထောက် မညိမ်းညိမ်းအေး (ခေါ်) မေဘယ်လ်အား စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပဲခူးတိုင်း (အနောက်ခြမ်း) ရှိ နာမည်ကြီးအကျဉ်းထောင်တစ်ခုဖြစ်သော သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်များထံက

သိရသည်။

“သူ့ကို သာယာဝတီထောင်ပို့လိုက်တယ်လို့ သိရတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ထောင်ပြောင်းလိုက်တာ။ အခု သာယာဝတီထောင်ဘက်ကို ထောင်ဝင်စာပို့ဖို့ လိုက်ရတော့မှာပေါ့။ ထောင်ဝင်စာပို့တဲ့အခါမှပဲ သူ့အခြေအနေ သိရမှာပေါ့”ဟု သတင်းထောက် မမေဘယ်လ်၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် မမေဘယ်လ်အပါအဝင် အခြားသော ထောင်ဒဏ်ချမှတ်ပြီးသော နိုင်ငံရေးအကျဉ်းသား များကို အင်းစိန်ထောင်မှ အခြားသော နယ်ထောင်များသို့ ပြောင်းရွှေ့ပို့ဆောင်နေကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

‘‘အင်းစိန်ထောင်က နိုင်/ကျဉ်းတချို့ကို နယ်ထောင်တွေကို ပို့လိုက်ပါပြီ။ အမိန့်ချပြီးသား အကျဉ်းသား တွေထဲက ပို့တာပါ။ နောက်ပိုင်းလည်း ထပ်လုပ်ဖို့ရှိနေသေးပါတယ်’’ ဟု ရန်ကုန်တိုင်းရှိ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် အင်းစိန်ထောင်မှ နယ်ထောင်များသို့ နိုင်ငံရေးအကျဉ်းသားများ ပြောင်းရွှေ့သည့်အရေအတွက်နှင့် ထောင်နာမည်များကို အတိအကျမသိရသေးဘဲ ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်လက်စုံစမ်း နေဆဲ ဖြစ်သည်။

မညိမ်းညိမ်းအေး(ခ) မေဘယ်လ်သည် စစ်ကောင်စီအာဏာမသိမ်းမီက ကုမုဒြာဂျာနယ်နှင့် စံတော်ချိန်သတင်းစာများတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အလွတ်သတင်းထောက်အဖြစ် ရပ်တည်ကာ သတင်းများရေးသားနေသူတဦးဖြစ်သည်။

သတင်းထောက် မမေဘယ်လ်ကို စစ်ကောင်စီက ယခုနှစ်ဆန်းပိုင်းက ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းတွင် ပုဒ်မ ၅၀၅ – က ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတကာသတင်းသမားများအပါအဝင် မြန်မာသတင်းသမား လက်ရှိအချိန်အထိ အာဏာသိမ်း စစ်ကောင်စီမှ သတင်းထောက်

ကို ဖမ်းဆီးမှုသည် ၆၀ ကျော်အထိ ဖြစ်ခဲ့ပြီး ၂၅ ဦးနီးပါးကို ပြစ်ဒဏ်အသီးသီး ချမှတ်ထားပြီးဖြစ်သည်။

ထို့အပြင် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြပွဲများတွင် သတင်းသွားယူသူများကိုပင် ကားနှင့်တိုက်ကာ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာ ရသည့်ကြားမှပင် ဖမ်းဆီးပြီး စစ်ကြောရေးကို ခေါ်ယူဖမ်းဆီးမှုများပင် ရှိသည်။

မြန်မာနိုင်ငံတွင် လက်ရှိ စစ်အာဏာသိမ်းပြီးနောက် ကမ္ဘာပေါ်တွင် သတင်းသမားများအတွက် အလွန်အန္တရာယ်ကြီးသော နိုင်ငံအဖြစ် နိုင်ငံပေါင်း ၁၈၀ အတွင်း အဆင့် ၁၇၆ အဖြစ် ရောက်ရှိနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က သတ်မှတ်ခြင်း ခံထားရသည်။

#သတင်းထောက် #မေဘယ်လ် #အင်းစိန်ထောင် #သာယာဝတီထောင် #Ayeyarwaddy_Times