
စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းနင်းမိ၍ DMO Local PDF မှ စစ်ကြောင်းမှူး စောအဲလ်ဘတ် ကျဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာအနီး၌ စက်တင်ဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသောမိုင်းနင်းမိ၍ ဒီးမော့ဆိုPDFမှ စစ်ကြောင်းမှူး စောအဲလ်ဘတ် ကျဆုံးသွားကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။
DMO Local PDFမှ စစ်ကြောင်းမှူးစောအဲလ်ဘတ်သည် စစ်ကောင်စီတပ်မှထောင်ထားသော မြေမြှုပ်မိုင်းနင်းမိ၍ ကျဆုံးခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၃၂ နှစ်ခန့်သာရှိသေးကြောင်းလည်း သိရသည်။
“စစ်တပ်ကထောင်ထားတဲ့မိုင်းနင်းမိတာ ခေါက်ပလော့ရွာနားက၊ စစ်ကြောင်းမှူးမှာ မိသားစုကျန်ခဲ့တယ်၊ သူ့ဇနီးနဲ့သားသမီး ၃ ဦးပါ၊ အငယ်ဆုံးသမီးဆို ၃ လပဲရှိပါသေးတယ်” ဟု DMO Local PDFအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သော အသက် ၁၈ နှစ်အရွယ် ရဲမေ မဇယ်ရာမီးနာမှာ စစ်ကောင်စီတပ်များထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ ကျဆုံးသွားကြောင်း DMO Local PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့
#DMOLocalPDF #စစ်ကြောင်းမှူး #စစ်ကောင်စီ #မြေမြှုပ်မိုင်း #ကျဆုံး
#Ayeyarwaddy_Times