ကရင်ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၁၀ လအတွင်း တပ်ရင်း ၈ ရင်းစာ ပြုတ်သွား၊ စစ်အင်အားစာရင်းသိပြီးနောက် တိုင်းမှူးအသစ် ဗိုလ်ချုပ် မြတ်သက်ဦး စိတ်ပျက်နေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

အာဏာသိမ်း စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကရင့်အမျိုးသား အစည်းအရုံး – KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေများအား စစ်ရေးအရ သိမ်းပိုက်ရန်အတွက်အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) မှ အမှတ် ၈ နှင့် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) (စကခ ၂၀) ၊သထုံမြို့ အခြေစိုက် တပ်မ ၄၄ လက်အောက်မှ တပ်ရင်းများဖြင့် ၁၀ လကြာ ထိုးစစ်ဆင်ခဲ့ရာ လက်ရှိတွင် တပ်ရင်း ၈ ရင်းစာ ပမာဏရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် သေကြေ၊ ထွက်ပြေး၊ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရဖြင်းများနှင့်

CDM ပြုလုပ်မှုများပေါ်ပေါက်ခဲ့မှုများကြောင့် အင်အားပြုန်းတီးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။

“ကရင်ပြည်နယ်က မြဝတီ-ဝေါလေ လမ်းပိုင်းမှာချည်းဘဲကို သူတို့ထိုးစစ်ဆင်နေတာ တပ်ရင်း ၁၈ ရှိတယ်။ ကော့ကရိတ်ဘက်မပါသေးဘူး။ အခု လက်ရှိက သေတာရော၊ ပြေးတာရော၊ CDM လုပ်တောတွေရော၊ အရှင်ဖမ်းခံရတာတွေရောဆို တပ်ရင်း ၈ ရင်းစာရှိတဲ့ လူပမာဏလောက်အထိကို ပြုတ်သွားတာ”ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နှင့်နီးစပ်သည့်

စစ်ဘက်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က ကချင်ပြည်နယ်။ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့သည်။ ရတခ တိုင်းမှူး ဗိုလ်ချုပ်

ကိုကိုအောင်ကို မပခတိုင်းမှူးအဖြစ် ဗိုလ်ချုပ် မြတ်သက်ဦးနှင့် တိုက်ရိုက်နေရာချိန်းခဲ့သည်။

ရတခတိုင်းမှူးသစ် ဗိုလ်ချုပ်မြတ်သက်ဦးမှာ မော်လမြိုင်သို့ရောက်ရှိပြီးနောက် စစ်အင်အားစာရင်းများကို မေးမြန်းစစ်ဆေးခဲ့ရာ ၁၀ လအတွင်း တပ်ပြုန်းတီးအင်အား ၁၀၀၀ ကျော်ရှိနေသဖြင့် စိတ်ပျက်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆက်ပြောသည်။

“တပ်ရင်း ၈ ရင်းစာလောက် အင်အားပြုန်းတီးနေတာသိတဲ့နောက် တိုင်းမှူးအသစ် ဗိုလ်ချုပ်မြတ်သက်ဦး တော်တော်ကို ခေါင်းကိုက်၊ ခေါင်းခဲနေတယ်။ အဓိကတော့ ပြုန်းတီးအင်အားများနေလို့ နောက်ထပ် မြေပြင် ထိုးစစ်ဆင်မယ့် စစ်ဆင်ရေးတွေ စီစဉ်ဖို့ကို ခေါင်းကိုက်နေတာ”ဟု သူက ပြောသည်။

လက်ရှိတွင် KNU တပ်မဟာ ၆ ထိမ်းချုပ်နယ်မြေ မြဝတီမြို့နယ်သို့ ထိုးစစ်ဆင်နေသောတပ်များမှာ ရတခ လက်အောက်ရှိ နယ်မြေခံတိုင်းတပ်ရင်းများ၊ တပ်မ ၄၄ လက်အောက်ရှိ တပ်ရင်းများနှင့် ကရခတိုင်းရှိ တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၂၀၊ ဘတ်ပြင်းမြို့အခြေစိုက် စခက ၁၃ လက်အောက်ခံတပ်များနှင့်

ကရင်ပြည်နယ်မှ BGF တပ်များဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်များ၏ထိုးစစ်ဆင်မှုကို KNU လက်အောက်ရှိ KNLA KNDO တပ်များ၊ ကော်ဘရာ၊ ကျားဖြူ၊ Federal Wings အပါအဝင် PDF တပ်များ၊ KNDO မှခွဲထွက်၍ သီးခြားတည်ထောင်ထားသည့် ကော်သူးလေတပ်မတော်တို့က အပြင်းအထန်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ အထိနာလျှက်ရှိသည်။

“ကျွန်တော်တို့ သိရသလောက်တော့ ပြုန်းတီးအင်အားက ၁၀ လအတွင်းမှာ ၁၀၀၀ ကျော်ကတော့ အနည်းဆုံးရှိတယ်။ ဘာလို့ဆိုတော့ တိုက်ပွဲတွေမှာ နေ့တိုင်းနီးပါးကျတယ်။ ပြီးတော့ ဆက်မတိုက်ချင်တော့လို့ ကျွန်တော်တို့လို CDM လုပ်ပြီး ပြည်သူနဲ့ပူးပေါင်းသူတွေရောဆိုရင် တပ်က ကရင်ထိုးစစ်မှာ ပြုန်းတီးအင်အားက ၁၀၀၀ အောက်ကို ဘယ်လိုမှ မလျော့နိုင်ဘူး

။ အဲ့ထက်တောင် များနိုင်သေးတယ်”ဟု တပ်မ ၄၄ လက်အောက်ခံ အမှတ် ၂ ခြေမြန်တပ်ရင်းမှ CDM စစ်သားတစ်ဦးက ပြောသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) လက်အောက်ခံတပ်များမှာ မြဝတီမြို့နယ်သို့ ရှေ့တန်း ထွက်နေရသည်မှာ ၂ နှစ်နီးပါးရှိနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေ၍ အဆိုပါတပ်များကို စစ်ကောင်စီက နောက်တန်း ပြန်မပို့နိုင်ဖြစ်နေသည်။

ထို့ကြောင့် ယခုနှစ်ဆန်းပိုင်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တနင်္သာရီတိုင်း၊ ကော့သောင်းနှင့်ဘုတ်ပြင်းမြို့များသို့သွားရောက်၍ နောက်တန်းမှ စစ်သည်မိသားစုဝင်များကို ကွင်းဆင်း၍ နှစ်သိမ့်စည်းရုံးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

#မြဝတီ #ရတခ #မပခ #ကရခ #တိုင်းမှူး #ဗိုလ်ချုပ်မြတ်သက်ဦး #KNU #KNLA #KNDO #Ayeyarwaddy_Times