
မွန်ပြည်နယ်တွင် တစ်ရက်အတွင်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီးစစ်သား ၂၀ ကျော် သေဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၅ ရက်
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များတွင် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်တစ်ရက်တည်း၌ စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့ တစ်ရက်တည်း၌ပင် သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်၊ မီဇိုင်းတောင်အနီး ည ၉ နာရီဝန်းကျင်တွင် KNLAနှင့်PDF တပ်ရင်း ၂ တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့မှ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၄ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအား အတည်ပြုနိုင်ခြင်းမရှိကြောင်း ဒေသခံ PDF အဖွဲ့ဝင်အချို့က ဆိုသည်။
“ကားမိုင်း ၃ လုံးဆွဲလိုက်တာ၊ ၇၉ (၈)ချက်ပစ်ပြီး တိုက်ခဲ့တာ၊ စစ်ကောင်စီကားကြီး ၂ စီး နဲ့ကားသေး ၂စီးပျက်စီးသွားတယ်၊ လူသေတာတော့အတည်မပြုနိုင်သေးဘူး၊ ည ၁၀ နာရီလောက်မှာတော့ လူနာတင်ကား ၅ စီးရောက်လာပီး ဒဏ်ရာရတဲ့သူတွေလာခေါ်သွားတယ်” ဟု ဒေသခံ PDF တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် သံဖြူဇရပ်မြို့နယ်တွင် ရေးမြို့နယ်သို့ဦးတည်သွားနေသော ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား ခြုံခိုပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ တပ်သား ၂၀ ဝန်းကျင်ကျဆုံးပြီး လက်နက်ကြီးများနှင့် ရမ်းသမ်းပသ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆူံခဲ့သည်ဟု မွန်ပြည်နယ်တောင်ညိုပြည်သူ့ပျောက်ကြားတပ်ဖွဲ့မှ
သတင်းထုတ်ပြန်ထားသည်။
မွန်ပြည်နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရခြင်းများ မကြာခဏဖြစ်ပွားနေပြီး စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း သထုံမြို့နယ်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ကား ၂ စီးပျက်စီးကာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံ PDF များ၏ စာရင်းများအရ သိရသည်။
#မွန် #တစ်ရက်အတွင်း #စစ်ကောင်စီယာဥ်တန်း #၂ကြိမ် #မိုင်းဆွဲ #သေဆုံး
#Ayeyarwaddy_Times