မတူပီ-ဟားခါးလမ်းကို ပြည်သူများ ဖြတ်သန်းသွားလာခြင်းမလုပ်ရန် CDF-Matupiမှ သတိပေးထုတ်ပြန်

ဧရာဝတီတိုင်းမ်

(မတူပီ)၊ စက်တင်ဘာလ ၂၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF-Matupi၊ တပ်ရင်း ၂ ထိန်းချုပ်ထားသော မတူပီ-ဟားခါးလမ်းတွင် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားလာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် အဆိုပါကားလမ်းမအား ယာယီဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် CDF-Matupiမှ ယမန်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

CDF-Matupi၊ တပ်ရင်း ၂ ထိန်းချုပ်ထားသော မတူပီ-ဟားခါးလမ်းဘက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာသော မတူပီမြို့၊ ခလရ ၁၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်များနှင့် CDF-Matupiတို့ ယမန်နေ့၊ နံနက် ၇ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi ၏

သတင်းထုတ်ပြန်ချက်အရ သိရသည်။

“CDF-Matupi၊ တပ်ရင်း ၂ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးပြုလုပ်လာမယ်ဆိုတာ ကျွန်တော်တို့ဘက်က ကြိုတင်သတင်းရရှိထားပြီးသားဖြစ်တယ်။ ရဟတ်ယာဥ်တွေနဲ့ ထောက်လှမ်းမှုတွေ မကြာခဏပြုလုပ်လာတယ်။ကျွန်တော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတယ်။ လုံခြုံရေးအတွက်

ထောင်ထားတဲ့ မိုင်းတွေ အသက်ရှိ/မရှိ သွားရောက်စစ်ဆေးတဲ့အခါမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ဖို့ လာကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဖနိုင်-ငလိုင်ကျေးရွာကြားမှာရှိတဲ့ ခရိုင်ရုံးနားမှာ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်” ဟု CDF-Matupi တပ်ရင်း ၂ ရဲဘော်တစ်ဦးက

ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်များအနေဖြင့် CDF-Matupiထိန်းချုပ်ထားသော မတူပီ-ဟားခါးလမ်းဘက်သို့ အချိန်မရွေးစစ်ကြောင်းထိုးလာနိုင်သည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ မတူပီမြို့၊ မင်းတပ် – မတူပီလမ်း၊ မြို့အဝင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိခဲ့​ကြောင်း CDF-Matupi ၏ စာရင်းများအရ သိရသည်။

#မတူပီ #ဟားခါး #ပြည်သူများ #ဖြတ်သန်းသွားလာခြင်း #မပြုလုပ် #သတိပေးထုတ်ပြန်

#Ayeyarwaddy_Times