မြန်အောင်မြို့တွင် လယ်သမားများကို စစ်ကောင်စီက ဖိအားပေးပြီး နေကြာစိုက်ခိုင်းနေ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက ဒေသခံတောင်သူလယ်သမားတွေကို ဖိအားပေးပြီး နေကြာစိုက်ပျိုးခိုင်းတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ဆုံလဲကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူက တောင်သူတွေကို ဖိအားပေး ခြိမ်းခြောက်ပြီး မဖြစ်မနေ နေကြာစိုက်ပျိုးဖို့အတွက် စေခိုင်းနေတာလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

“ သူက စစ်ကောင်စီလက်ထက်မှ အုပ်ချုပ်ရေးမှူးဖြစ်တာ နာမည်က မြင့်အေး စစ်ကောင်စီကခိုင်းတာထက် သူကအောက်မှာပိုလုပ်ပြနေတာ ခုလည်း လယ်သမားတွေကို နေကြာအတင်းစိုက်ခိုင်းနေတာ”လို့ ဒေသခံ လယ်သမားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတောင်သူလယ်သမားတွေကို အတင်းဖိအားပေးပြီး နေကြာ စိုက်ပျိုးခိုင်းသလို မစိုက်ပျိုးတဲ့ တောင်သူတွေကို လယ်ယာမြေပြန်သိမ်းတာတွေပြုလုပ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံတောင်သူတွေအနေနဲ့ စစ်အာဏာရှင်လက်အောက် အရာရာ အခက်အခဲကြုံနေချိန် ခုလိုမျိုး ဖိအားပေး စေခိုင်းမှုကြောင့် မလွန်ဆန်နိုင်တဲ့ တောင်သူတော်တော်များများ နေကြာပြောင်းစိုက်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။