ကံပေါက် ရေတပ်က ထွက်ပြေးသူတွေထဲက၂ ဦးပြန် လည်ဖမ်းဆီးခံရပြီးပစ်သတ်ခံရ၊ အချင်းချင်းပစ်လို့သေဆုံးတယ်လို့စစ်ကောင်စီသတင်းလွှင့်

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊စက်တင်ဘာလ ၂၄ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသ၊မောရဝတီရေတပ်ဌာနချုပ်မှ ထွက် ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးမှ ၂ ဦးပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း အဲ့ဒီ စစ်ကောင်စီရေတပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ရက် ညပိုင်းက ဆေးမှူး ဗိုလ် ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်တွေနဲ့အတူ စွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက် စစ်ကောင် စီရေတပ်က တောနင်းပြီးလိုက်လံရှာဖွေရာကနေ ရက်ပိုင်းအတွင်းမှာဘဲ ကံပေါက်ဒေသထဲကကျေးရွာတရွာမှာပုန်းခိုနေတဲ့ ထွက်ပြေးသူ ၂ ဦးကိုပြန်လည်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

ပြန်လည်ဖမ်းဆီးခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ် သား ၂ ဦးကို မောရဝတီရေတပ်ဌာနချုပ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး ထိုးကြိတ် စစ်ဆေးပြီးနောက် ပစ်သတ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ တပ်တွင်းသတင်း ရင်း မြစ်တစ်ဦးကပြောပါတယ်။

“ထွက်ပြေးတာက အားလုံး ဆယ့်နှစ်ယောက်မှာ နှစ်ယောက်ကို ပြန်ဖမ်းမိခဲ့တယ်။ပြန်ပြီးဖမ်းမိတာက ရိုးရိုးတပ်သားတွေပါ။သူတို့က ထွက်ပြေးပြီး နေမကောင်းလို့ အနီးရွာတစ်ရွာက ခြံတစ်ခုမှာခဏပုန်းခိုနေတုန်း ပြန်ပြီးအဖမ်းခံလိုက်ရတာ။ ဖမ်းခေါ်လာပြီး ဌာနချုပ်ထဲမှာထိုးကြိတ်ပြီးစစ်ပြီး​တော့ ပစ်သတ်ခံလိုက်ရတယ်လို့သိရတယ် “လို့

ရေတပ်တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီတပ်ကပစ်သတ်ခဲ့ပြီးတဲ့နောက်မှာ သေဆုံးသွားတဲ့သူတွေဟာ သူတို့အချင်းချင်းပစ်ခတ်တာကြောင့်သေဆုံးသွားတယ်ဆိုပြီး သတင်းလွှင့်ထားတယ်လို့သူကဆက်လက်ပြောပါတယ်။

” အရင်တုန်းကလည်း တပ်ထဲကနေ ထွက်ပြေးလို့ပြန်မိတော့ ပစ်သတ်တာတွေရှိတယ်။ ပြီးရင် နေမကောင်းလို့သေသွားတယ်တို့၊ ပင်လယ်ထဲမှာရေထဲပြုတ်ကျပြီးသေသွားတယ်တို့ အချင်းချင်းပစ်ပြီးသေတယ်တို့ဆိုပြီး သတင်းပြန်လွှင့်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊အောက်တိုဘာလအတွင်းကလည်း အဲ့ဒီရေတပ်ကိုစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် သားတချို့ကိုလည်း ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးနောက် အသေပစ်သတ်ခဲ့ကြပြီး မိသားစုတွေ မသိအောင် အလောင်းကိုဖျောက်ပစ်ခဲ့တယ်လို့သိရပါတယ်။

#AyeyarwaddyTimes

ပုံ/ အမှတ် ၄၂ ရေတပ်ပစ္စည်းထိန်းတပ်(ကံပေါက် မောရဝတီရေတပ်ဌာနချုပ်)