
မြန်မာနိုင်ငံမှာ ဆောင်းရာသီအထိ ကိုဗစ်ရောဂါဆက်ရှိနေမှာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
စစ်ကောင်စီရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာ နိုင်ငံမှာ ကိုဗစ်ရောဂါဟာ ဆောင်းရာသီအထိ ဆက်ရှိနေမယ်လို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုဟာ အရင်က သုံညနောက်က ဒသမဂဏန်းလောက်သာရှိခဲ့ပြီး စက်တင်ဘာ လ ၁၀ ရက်နေ့က စတင်ကာ အတည်ပြုလူနာ ၂၆၂ ဦးပြန်လည်တွေ့ရှိတာကြောင့် ၂.၄၃ ရာခိုင်နှုန်း ပြန်လည်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
“ လာမယ့်ဆောင်းရာသီမှာ ကိုဗစ်ရောဂါဆက်ရှိနေနိုင်လို့ ရောဂါကာကွယ်တားဆီးနိုင်ဖို့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ဖို့ လိုအပ်ပါတယ်၊ ပါးစပ်နဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ဖို့လည်း လိုအပ်ပါတယ်”လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ကိုဗစ်မျိုးကွဲဟာ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေလည်း ကူးစက်နိုင် တာကြောင့် ထပ်ဆောင်ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်မှာဖြစ်နိုင်သလို ၂ ကြိမ် ကာကွယ်ဆေး ထိုးပြီးသား သူတွေကတော့ ရောဂါကူးစက်မှုနဲ့ သေဆုံးနှုန်းနည်းပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁၃ ရက်နေ့အထိ အသက် ၁၈ နှစ်အထက်လူဦးရေ သန်း ၃၀ ကျော်နဲ့ အသက် ၁၈ နှစ်အောက် လူဦးရေ ၆.၅ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပြီးပြီလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဓါတ်ခွဲအတည်ပြုလူနာတွေကို စစ်ဆေးတဲ့အခါ ၈၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေဖြစ်ပြီး ၁၅.၉ ရာခိုင်နှုန်းက ကာကွယ်ဆေး ၁ ကြိမ်ထိုးထားတဲ့သူတွေဖြစ်ပြီး ၄ ရာခိုင်နှုန်းက ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားသူတွေဖြစ်ကာ ၀.၁ ရာခိုင်နှုန်းက ထပ်ဆောင်ကာကွယ်ဆေးထိုးပြီးသားသူတွေဖြစ်တာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
#AyeyarwaddyTimes