
ကုလလုံခြုံရေးကောင်စီက အာဏာသိမ်းစစ်ကောင်စီကို အရေးမယူဘဲ မြန်မာ့အရေးကို အာဆီယံအဖွဲ့ထံ လွှဲချနေတယ်လို့ မလေးရှားဝန်ကြီးချုပ် ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၄ ရက်
မြန်မာ့အရေးကြောင့် သက်ဆိုင်ရာနိုင်ငံတွေမှာ ရိုဟင်ဂျာတွေကို နေရာပြန်ချထားဖို့က နိုင်ငံအားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့ဗ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းတစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံက ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ၁၉၆၇ ခုနှစ် သဘောတူစာချုပ်ဝင် နိုင်ငံမဟုတ်ပေမယ့် လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀၀၀ နီးပါးကို လက်ခံ ခဲ့တယ်လို့ သူက ဆိုပါတယ်။
“မြန်မာ့နိုင်ငံရေးအကျပ်အတည်းက သန်းပေါင်းများစွာသော မြန်မာဒုက္ခသည်တွေရဲ့ အခြေအနေကို ပို ဆိုးလာစေပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခဖြစ်နေသရွေ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး” လို့ ၄င်းက ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဖြေရှင်းရာမှာ ပြင်းထန်တဲ့ အရေးယူမှု မလုပ်ဆောင်နိုင်ဘဲ ပြဿနာကို အာဆီယံအဖွဲ့ထံသာ လွှဲချနေတယ်လို့ ၄င်းက ပြောပါတယ်။
“မြန်မာစစ်ကောင်စီရဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှုမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှု မရှိတာကို မလေးရှားနိုင်ငံက စိတ်ပျက်မိပါတယ်။ လက်ရှိအခြေအနေအရ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ကို ရှေ့ဆက်လို့မရတော့ပါဘူး” လို့ သူက ထောက်ပြပါတယ်။
အာဆီယံဘုံသဘောတူညီချက်က ရှင်းလင်းပြတ်သားတဲ့မူဘောင်၊ အချိန်သတ်မှတ်ချက်နဲ့ အဆုံးသတ် ရည်မှန်းချက်ရှိရမှာဖြစ်ပြီး အရေးကြီးဆုံးကတော့ မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်လို့ ဆာဘရီက ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်က အလုပ်ဖြစ် မဖြစ်ကို အာဆီယံအဖွဲ့က ဖြေရှင်းဖို့လိုအပ်နေပြီး နိုဝင် ဘာလမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဆုံးဖြတ်ချက်ချမှတ်ရမယ်လို့ အစောပိုင်းမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောကြားခဲ့ပါတယ်။
ကိုးကား – The Sun Daily
Ref; All countries should take in more Rohingya refugees: PM
