မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ရမ်းသမ်းဗုံကြဲတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများအရေးပေါ် ပြောင်းရွှေ့နေရ

ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ စက်တင်ဘာလ ၂၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က လေကြောင်းဖြင့် ရမ်းသမ်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း CDF-Mindat က ယနေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ဂျက်လေယာဥ်အသုံးပြုကာ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၁ ရှိဆာဒူးကျေးရွာနှင့် ဖိုးခရိုးကျေးရွာကြားရှိ ခရီးသွားပြည်သူများသွားလာရာ လမ်းဘေးဝဲယာတို့တွင် ဗုံကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မင်းတပ်မြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူလူထုတွေနဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တယ်လို့ပဲ ယူဆတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုတွေ ထိခိုက်မှုမရှိပေမယ့် တစ်ချို့စစ်ဘေးရှောင်စခန်းတွေ အရေးပေါ်ရွှေ့ပြောင်းရတယ်။ ကျေးရွာနေပြည်သူတွေ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်ပေါ့နော်။

လက်ရှိမှာတော့ ပြည်သူတွေ ခရီးသွားဖို့ စိုးရိမ်နေကြပါတယ်” ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဝါဒဖြန့် ဈေးရောင်းပွဲတော်အားဆန့်ကျင်သည့်အနေဖြင့် CDF-Mindat၊ ကွန်မန်ဒိုတပ်ဖွဲ့က စစ်ဆင်ရေး ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း CDF-Mindat က သတင်းထုတ်ပြန်ထားသည်။

မင်းတပ်မြို့၊ ခလရ ၂၇၄က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မင်းတပ်မြို့နယ်၊ ကျေးရွာတစ်ချို့တွင် လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူနေအိမ်များပျက်စီးမှုတစ်ချို့ရှိခဲ့ကြောင်းဒေသခံများ၏ ပြောကြားချက်များအရသိရသည်။

ဓာတ်ပုံ – CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)

#မင်းတပ် #စစ်ကောင်စီ #လေကြောင်း #ရမ်းသမ်းဗုံးကြဲ #စစ်ဘေးရှောင်

#Ayeyarwddy_Times