ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ယာဥ်စည်ကမ်း လမ်းစည်းကမ်းကြပ်မတ်ရေး ခေါင်းစဥ်ဖြင့် ဆိုင်ကယ်နှင့် ကားများဖမ်းဆီးကာ ပိုက်ဆံရှာနေ

မင်းခ/ဧရာဝတီတိုင်းမ်

(ပုသိမ်)၊ စက်တင်ဘာလ ၂၂ ရက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အာဏာသိမ်းစစ်ကောင်စီက ယာဥ်စည်ကမ်း လမ်းစည်းကမ်းကြပ်မတ်ရေး ခေါင်းစဥ်ဖြင့် ဆိုင်ကယ်နှင့် ကားများအား ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း ပုသိမ်၊ မအူပင်၊ ကျုံပျော်၊ ငါးသိုင်းချောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဥ်ထိန်းရဲများက ဒေသခံပြည်သူများ၏ ဆိုင်ကယ်၊ ကားများအား ယာဥ်စည်ကမ်း လမ်းစည်းကမ်းကြပ်မတ်ရေး ခေါင်းစဥ်ဖြင့် တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“လိုင်စင်မပါတာတို့ ဦးထုပ်မဆောင်းတာတော့ ၃ ယောက်စီးတာတို့ဆို ဖမ်းတယ်။ ချလန်ဖြတ်ပေးရင် ယာဥ်ထိန်းရုံးမှာသွားဆောင်ရတယ်။ တချို့ကျတော့လည်း ရုံးမသွားချင်ကြတော့ ချလန်မဖြတ်ဖို့အရေး ကပ်တိုးလေးနဲ့ ပေးလိုက်ကြတာများတယ်။ လိုင်စင်မပါရင် သုံးသောင်း ကျန်တာ နှစ်သောင်း စီမံချက်နဲ့ဖမ်းနေတာလို့ကြားတယ်” ဟု

ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများစုတွင် စစ်ကောင်စီက ယာဥ်စည်းကမ်းနှင့် မညီညွတ်သည့် ကားများ၊ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးကာ ဒဏ်ငွေကျပ် ၂၀၀၀၀ မှ ကျပ် ၁သိန်း ဝန်းကျင်အထိ ဒဏ်ရိုက်ကာ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

“နေ့တိုင်းနီးပါးပါပဲ လမ်းတွေ့တဲ့ဆိုင်ကယ်ရပ်ခိုင်း ကားရပ်ခိုင်း လိုင်စင်မပါလို့ ဘာမပါလို့ဆိုပြီး ဖမ်းပြီးငွေတောင်းနေကြပဲ။ စစ်ကောင်စီအနေနဲ့က သက်သက်အကြောင်းပြပြီး ပိုက်ဆံရှာနေတာ။ စစ်ကောင်စိဆီကိုပဲရောက်လေသလား ခုက လကုန်ရက်ဆိုတော့ ဘဲဥနဲ့ ရဲတွေဆီပဲအောက်ဆိုက် အနေနဲ့ရောက်လေသလားတော့ မသိဘူး။ အရင်ခေတ်အဆက်ဆက်

ဒီလိုပဲလုပ်စားနေကြဆိုတော့” ဟု ဧရာဝတီတိုင်းအခြေစိုက် အငှားယာဥ်မောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ် စစ်ကောင်စီအနေနဲ့ ယာဥ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများလိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်ပြီး အသိပေးကြေငြာခြင်းများ စက်တင်ဘာလ (၁၉)ရက်နေ့ညနေပိုင်းတွင် လိုက်လံအသိပေးကြေငြာထားကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ ယာဉ်မောင်းလိုင်စင််/ယာဉ်လိုင်စင််ပါရှိရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်တွင်နောက်ကြည့်မှန်တပ်ဆင်ထားရှိရေး၊ နံပါတ်ပြားတပ်ဆင်ထားရှိရေး၊ ပါဝါအိတ်ဇောများမတပ်ဆင်ရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာသောက်စား၍ မောင်းနှင်််ခြင်းမပြုစေရေးတို့ကို

စက်တင်ဘာလ ၂၀ ရက်​နေ့က စတင်ကာ စစ်ဆေးဖမ်းဆီးနေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – ပုသိမ်​မြို့နယ် စစ်ကောင်စီ

#ဧရာဝတီ #ယာဥ်စည်ကမ်း #လမ်းစည်းကမ်း #ဆိုင်ကယ် #ကာ #စစ်ကောင်စီ #ပိုက်ဆံရှာ

#Ayeyarwaddy_Times