
NLD မိုးညှင်းလွှတ်တော်အမတ် ဦးမျိုးကျော် စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရလို့ ကျဆုံးခဲ့ရပြီးအလောင်းပြန်မရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားပြီဖြစ်ကြောင်း NLD ပါတီအသိုင်းအဝိုင်းထံကသိရသည်။
“ဦးမျိုးကျော်တော့ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ကျဆုံးသွားတယ်လို့ သိရတယ်။ မိသားစုဝင်တွေကို အကြောင်းကြားတာမျိူးလည်းမရှိဘူး။ ဘယ်နေ့ကသေ ဆုံးတယ်ဆိုတာကို သေချာမသိရသေးဘူး”ဟု NLD ပါတီ ကချင်ပြည်နယ်၊နမ္မတီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ဧရာဝတီတိုင်းမ် ပြောသည်။
NLD အမတ်ဦးမျိုးကျော်ကို သြဂုတ်လ ၂၄ ရက်နေ့က မြစ်ကြီးနားမြို့ ၂၁ မိုင် စုပေါင်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ၁ လအကြာတွင် စစ်ကြောရေး၌ ညှင်းပန်းနှိပ်စက်ခံရပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရသည့် ဦးမျိူးကျော်၏ မိသားစုဝင်အချို့မှ “မိသားစုကို အလောင်းပြန်မပေးပါဘူး။ မပေးတဲ့အပြင် ကွယ်လွန်တာကိုတောင် အကြောင်းမကြား အသိပေးခြင်းလည်းမရှိပါဘူး။ ဘယ်နေ့ကကွယ် လွန်ပြီး၊ ဘယ်မှာသဂြိုလ်လိုက်လည်းဆိုတာ မသိရဘူး “ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်နေ့ ညကလည်း ဦးမျိူးကျော်ကို လာရောက်ဖမ်းဆီးခဲ့ပြီး ၂၅ ရက်ကြာ ချုပ်နှောင်ခဲ့သေးကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ၏ စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၁ ရက်နေ့အထိ စစ်တပ် ၏သတ်ဖြတ်မှုကြောင့်ကျဆုံးခဲ့သူရပေါင်း ၂၃၀၃ ဦးအထိရှိပြီးဖြစ် ကြောင်း သိရသည်။
#Ayeyarwaddy_Times