စစ်ကောင်စီတပ်တွေ ၂ ကြိမ်မီးရှို့ရသည့် လက်ပံတောင်းတောင်ဒေသက ကျေးရွာတချို့ ထပ်မံ မီးရှို့ခံရမှာ စိတ်ပူနေ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ဆားလင်းကြီးမြို့)၊ စက်တင်ဘာလ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသမှာ စစ်ကောင်စီတပ်သားတွေရဲ့ ၂ ကြိမ်တိုင်တိုင်မီးရှို့ခဲ့ရတဲ့ ကျေးရွာတွေက စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးနေတာကြောင့် ထပ်မံ မီးရှို့ခံရမှာ စိတ်ပူနေရကြတယ်လို့ ဒေသခံတွေက ဆီကသိရပါတယ်။

လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ ဒေသအခေါ် ပေလမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက စစ်ကောင်စီ တပ်သားတွေ ကင်းပတ်လှည့်လည်နေတာကြောင့် နောက်တကြိမ် မီးရှို့ခံရမှာစိတ်ပူနေကြတာလို့ ဒေသခံတွေကပြောပါတယ်။

“ မုံရွာ – ပုသိမ် ကားလမ်းပေါ်က မိုးကြိုးပြင် ဆည်တည်း၊ တုံ၊ တောကျောင်း၊ အလည်ရွာ၊ ဖောင်တကာရွာ၊ ဝက်မှေးရွာ၊ ထန်းတောကြီးရွာနဲ့ ညောင်ပင်ကြီးရွာ အဲ့ဒီရွာတွေက ခုစစ်ကြောင်းထိုးပြီး ပေလမ်းတလျှောက် ကင်းပတ်နေတော့ နောက်တစ်ခါ ဝင်စီးပြီး မီးရှို့အုံးမလား စိတ်ပူနေရတယ်”လို့ ညောင်ပင်းကြီး ကျေးရွာနေ အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို

ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာကိုဝင်စီးပြီး စိတ်မထင်ရင် မထင်သလို မီးရှို့တာတွေပြုလုပ်တာ ၂ ကြိမ် ခံခဲ့ရတာကြောင့် စိတ်ပူနေရသလို စစ်ကောင်စီဘက်ကလည်း ဝမ်ပေါင်ကုမ္ပဏီကိုတော်လှန်ရေးအင်အားစု တွေဘက်က မတိုက်ခိုက်ရင် ကျေးရွာတွေကို မီးမရှို့ဘူးလို့လည်း ပြောထားတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေကို စစ်ကောင်စီက ဇူလိုင်လကစတင်ကာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

#Ayeyarwaddy_Times