ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (တနင်္သာရီကမ်းရိုးတန်း အနောက်ဘက်ရေပြင်) တွင် လက်နက် လေ့ကျင့်ရေး ဧရိယာအဖြစ် Point A၊ B၊ C၊ D လေးနေရာ သတ်မှတ်ထားပြီး ရေပြင်၊ ဝေဟင်နှင့် ရေအောက် လေ့ကျင့်ခန်းများ အပါအဝင် လက်နက်လေ့ကျင့်ပစ်ခတ်မှုကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ရွေးတုအစိုးရက ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ လက်နက်လေ့ကျင့်ပစ်ခတ်မည့် ရက်ပိုင်းအတွင်း သတ်မှတ်ရေပြင်ဧရိယာ၌ သင်္ဘောကြီး၊ သင်္ဘောငယ်များ၊ ကုန်တင်ရေယာဉ်များ၊ စက်လှေများ၊ ငါးဖမ်းရေယာဉ်နှင့် စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းတို့ လုံးဝမပြုလုပ်ကြရန် သတိပေးထားသည်။

ထို့ပြင် လေယာဉ်နှင့် ရဟတ်ယာဉ်များအနေဖြင့်လည်း အဆိုပါ လေ့ကျင့်ရေးဧရိယာအပေါ်မှ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်း မပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရွေးတုအစိုးရက သတ်မှတ်ထားသည့် လက်နက်လေ့ကျင့်ရေး ဧရိယာအတွင်း Point A (မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်)၊ Point B (မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်)၊ Point C (မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်) နှင့် Point D (မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်) စသည့် ကိုဩဒိနိတ် (Coordinates) အမှတ်လေးခု ဆက်ဆွဲထားသည့် ပင်လယ်ပြင်ဧရိယာ ပါဝင်သည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ယခုကဲ့သို့ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။