ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

မြောက်ပိုင်းဒေသ စစ်ရေးပဋိပက္ခများအတွင်း ရွေးတုအစိုးရစစ်တပ်ဘက်က စစ်ကြောင်းထိုးမှုနှင့် စစ်နယ်မြေ ကျယ်ပြန့်လာစေရန် ကြိုးပမ်းနေသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းဒေသတို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့များက စစ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်နေကြောင်း သိရသည်။

မိုးမိတ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြန်လည် ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က ပြီးခဲ့သည့် အောက်တိုဘာတွင် မန္တလေးဘက်မှ စစ်ကူအင်အား ၁,၀၀၀ ခန့် ဖြည့်တင်းကာ မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းတစ်လျှောက် ထိုးစစ်ဆင်လာခဲ့သည်။

သို့သော် KIA ပူးပေါင်းတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုနှင့် ဝိုင်းပတ်ပိတ်ဆို့မှုများကြောင့် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းများ အထိနာခဲ့ပြီး မိုးမိတ်-တွင်းငယ်ကြားရှိ ကင်းချောင်း၊ သစ်ဆိမ့်ကုန်းနှင့် ပေကုန်း စခန်းများကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းများသည် မန္တလေး-မိုးမိတ် ထောက်ပို့နှင့် စစ်အင်အားဖြည့်တင်းရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။

အလားတူ ဟုမ္မလင်းဒေသတွင်လည်း အောက်တိုဘာ ၁၈ ရက်မှ ၃၀ ရက်အတွင်း တောင်ဦး ကျေးရွာအုပ်စု၊ တာမယ်ပုတ်၊ ရေပေါ်မီးနှင့် သဲဇလောက်ကျေးရွာများရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) စခန်းများကို ခန္တီး PDF၊ ဟုမ္မလင်း ပကဖ၊ KIA၊ KPDF နှင့် NPDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မိုးမိတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းကြားရှိ ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းများနှင့် ချိတ်ဆက်နေပြီး ဟုမ္မလင်းသည် ချင်းတွင်းမြစ်ကြောင်း ရေလမ်းနှင့် ကုန်းလမ်း ကြောင်းများ ဆုံရာနေရာ ဖြစ်သည်။

ထို့ကြောင့် အဆိုပါ ဒေသနှစ်ခုစလုံးသည် ဒေသတွင်း ဆက်သွယ်ရေးနှင့် နယ်မြေစိုးမိုးရေးအတွက် မဟာဗျူဟာအရ အရေးပါသည့် နေရာများ ဖြစ်ကြောင်း စစ်ရေးအရင်းအမြစ်များထံမှ သိရသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် တပ်မှူးကြီးများ အစည်းအဝေးနောက်ပိုင်း တပ်တည် ဆောက်ရေးနှင့် ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာလာခြင်း၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် KIA ကဲ့သို့ အတွေ့ အကြုံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးစွမ်းရည်နှင့် ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာကြောင်း PDF Insight ၏ သုံးသပ်ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် မန္တလေး-မိုးမိတ် ကုန်းလမ်းပိုင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် စစ်ရေး တင်းမာမှုများ ဆက်လက်မြင့်တက်နေသဖြင့် လမ်းကြောင်းအခြေအနေနှင့် လေကြောင်းရန် အန္တရာယ်များကို သတိပြု ရှောင်ကြဉ်သွားလာကြရန် လိုအပ်ကြောင်း သိရသည်။

ပုံစာ-ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)