ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်အတွင်း လူများကို အဓမ္မဖမ်းဆီးခြင်းနှင့် တရားမဝင် ငွေကြေးတောင်းခံခြင်းများ ရှိနေကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်တွင် ရွေးတုအစိုးရစစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ဝန်ခံခဲ့ပြီး စုစုပေါင်း အမှု ၇၁ မှုဖြင့် လူ ၁၉၉ ဦးကို အရေးယူထားကြောင်း ဖော်ပြ သည်။
ရွေးတုအစိုးရစစ်တပ်ဘက်က ယင်းလုပ်ရပ်များကို “မသမာသူများက တာဝန်ရှိသူများအဖြစ် အယောင်ဆောင်၍ ကျူးလွန်နေခြင်း” ဟု ထုတ်ပြန်ချက်တွင် လွှဲချဖော်ပြထားသော်လည်း လက်တွေ့ မြေပြင်တွင်မူ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆက်နွှယ်သူများ ကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“အဲဒီလို အဓမ္မဖမ်းတာတွေက နယ်ထိန်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းက ပေါင်းထားတဲ့ လူမိုက်တွေကပဲ လုပ်ကြတာ၊ လုပ်ရဲကြတာ။ သူတို့လူတွေပဲ” ဟု ရန်ကုန် မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၆ ခုနှစ် အောက်တို ဘာ ၃၁ ရက်နေ့အထိ ငွေကြေးတောင်းခံမှုဆိုင်ရာ အမှု ၄၉ မှုတွင် လူ ၁၀၂ ဦးနှင့် အဓမ္မစစ်မှုထမ်းစေခိုင်းမှုဆိုင်ရာ အမှု ၂၂ မှုတွင် လူ ၉၇ ဦး၊ စုစုပေါင်း အမှု ၇၁ မှုဖြင့် လူ ၁၉၉ ဦးကို အရေးယူထားကြောင်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဗဟိုအဖွဲ့ထံ ငွေကြေးကောက်ခံမှုနှင့် ပတ်သက်သည့် တိုင်ကြားချက် ၁၈၂ ခု ရရှိခဲ့ရာ ၉၁ ခုကို အရေးယူပြီးစီးခဲ့ပြီး ၅၆ ခုကို စိစစ်နေဆဲဖြစ်ကာ ၃၅ ခုကို မမှန်မကန် တိုင်ကြားမှုအဖြစ် သတ်မှတ် ထားကြောင်း ဆိုသည်။ အလားတူ အဓမ္မစစ်မှုထမ်းဆင့်ခေါ်မှုနှင့် ပတ်သက်၍ တိုင်ကြားချက် ၄၃ ခု ရရှိခဲ့ရာတွင် ၁၇ ခုကို အရေးယူပြီးစီးခဲ့ပြီး ၁၄ ခုကို စိစစ်နေဆဲဖြစ်ကာ ၁၂ ခုကို မမှန်မကန် တိုင်ကြားမှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
စစ်မှုထမ်းရန် အလှည့်ကျရွေးချယ်ခံရသူအချို့သည် အခြားရပ်ရွာများသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ ပြည်ပသို့ ထွက်ခွာခြင်းနှင့် လူစားထိုးခြင်းများ လုပ်ဆောင်နေသည့်အတွက် စောင့်ကြည့်ဆင့် ခေါ်နေရကြောင်းနှင့် အချို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန်ဟုဆိုကာ လစဉ်ငွေကြေးကောက်ခံခြင်း၊ လူစားထိုးထမ်းဆောင်စေရန် ငွေကြေးကောက်ခံ ခြင်း များ ရှိနေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဝန်ခံထားသည်။
ရွေးတုအစိုးရစစ်တပ်က ညအချိန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် တရားမဝင် ငွေကောက်ခံခြင်းများ လျော့နည်းပပျောက်စေရန် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း မြေပြင် ၌ အဓမ္မဖမ်းဆီးခံရမှုများ ဆက်လက်မြင့်တက်နေသကဲ့သို့ ငွေကြေးတောင်းခံမှုနှင့် စစ်မှုထမ်းရန် ရှောင်တိမ်းသူများအပေါ် ဖိအားပေးမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပြပြောဆိုထားသည်။
ယခုကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆက်နွှယ်သူများ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် ဖမ်းဆီးငွေညှစ်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် လူငယ်လူရွယ်များအနေဖြင့် ညအချိန် သွားလာလှုပ်ရှားမှုနှင့် လုံခြုံရေးကို အထူးသတိပြုရန်လိုအပ်ကြောင်း စစ်တပ် လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် အဖွဲ့အစည်းများက သတိပေးထားသည်။