ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
စစ်တပ် အာဏာသိမ်းပြီး ၆ နှစ်နီးပါးအကြာ ယခုနှစ် ကထိန်ရာသီတွင် ရန်ကုန်အပါအဝင် မြို့ကြီးများ၌ ကထိန်အလှူခံယာဉ်များက အသံလှိုင်းပြင်းသော လော်စပီကာနှင့် ဆောင်းဘောက်စ် များ အလွန်အကျွံ တပ်ဆင်ဖွင့်လှစ်နေမှုများရှိ၍ ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။
လက်ရှိ ရပ်ကွက်များအတွင်း စုပေါင်းမဟာဘုံကထိန် အလှူခံထွက်ခြင်း အပါအဝင် ဘုန်းတော်ကြီး ကျောင်းသို့ ကထိန်ပစ္စည်း ပို့ဆောင်ရာ လမ်းတစ်လျှောက် မော်တော်ယာဉ်များပေါ်တွင် အသံချဲ့စက်၊ ဆောင်းဘောက်စ်နှင့် လော်စပီကာ အများအပြား တပ်ဆင်၍ အသံကုန်ဖွင့်ကာ လှည့်လည်သွား လာမှုများ ရှိနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

“ကားပေါ်မှာ လော်စပီကာတွေ အများကြီးတပ်ပြီး လမ်းထဲဝင်လာတာ အသံကျယ်လွန်းလို့ အိမ်တုန်တယ်။ စားပွဲပေါ်တင်ထားတဲ့ ပစ္စည်းတွေလည်း လဲကျတယ်။ ဖွင့်ထားတဲ့ သီချင်းတွေက AI သီချင်းတွေရော DJ တွေရော ဆိုတော့ နားမခံနိုင်ဘူး။ နောက်လာတာက တစ်ဖွဲ့တည်း မဟုတ်ဘူး။ အလှူခံက တစ်ဖွဲ့ပြီးတစ်ဖွဲ့ လာတော့ အတော်နားဆူတယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လာမည့် နိုဝင်ဘာ ၂၄ ရက်နေ့သည် တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်သဖြင့် ယင်းနေ့မတိုင်မီအထိ အလှူခံယာဉ်များ ဆက်တိုက်လှည့်ပတ်မှု ရှိနေပြီး နေ့စဉ်ရက်ဆက် ထွက်ပေါ်နေသော အသံဆူညံမှု များကြောင့် ရပ်ကွက်နေပြည်သူများ အနားယူရန်ပင် အခက်အခဲ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံ များက ဆိုသည်။

အဆိုပါ အသံကျယ်လောင်မှုများသည် အသံညစ်ညမ်းမှုကို ဖြစ်ပေါ်စေကာ ကျန်းမာရေးမကောင်း သူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအတွက် ထိခိုက်မှု ပိုမိုလွယ်ကူစေကြောင်း အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။ ထို့ပြင် ပြင်းထန်သော ဆူညံသံများကြောင့် အကြားအာရုံ ထိခိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ သွေးတိုးခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် လျော့ကျခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း ၎င်းက ဆက်လက်သတိပေးသည်။
ပတ်ဝန်းကျင်ရှိ ဆူညံသံ၏ အသံလှိုင်းပြင်းအား (Amplitude/Volume) ကို ဒက်စီဘယ် (dB) ဖြင့် တိုင်းတာရာတွင် ပျမ်းမျှ ၇၀ dB အောက်ရှိသော အသံများကိုသာ အန္တရာယ် ကင်းကြောင်း သတ်မှတ်ထားသည်။ မြို့ပြယာဉ်ကြော ပိတ်ဆို့မှုအသံမှာ ၈၅ dB၊ ဆံပင်အခြောက်ခံစက်အသံမှာ ၉၀ dB၊ နိုက်ကလပ် သို့မဟုတ် ဘားများမှ အသံမှာ ၁၁၀ dB နှင့် ရော့ခ်ဂီတ ဖျော်ဖြေပွဲအသံမှာ ၁၂၀ dB ဝန်းကျင်ရှိပြီး ၈၅ dB အထက် ဆူညံသံများကို အချိန်ကြာမြင့်စွာ နားထောင်မိပါက အကြားအာရုံ ထိခိုက်ပျက်စီးနိုင်ကြောင်း ဆေးပညာဆိုင်ရာ အချက်အလက်များအရ သိရသည်။
အသံချဲ့စက် ဖွင့်ခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ ကြိုတင်လျှောက်ထားရခြင်း၊ နံနက် ၆ နာရီမှ ည ၉ နာရီအထိသာ ခွင့်ပြုခြင်း၊ အများပြည်သူအား အနှောင့်အယှက် မဖြစ်စေရေးအတွက် ခွင့်ပြုသည့် ဥပစာအတွင်း အများပြည်သူ ကြားသိနိုင်ရုံမျှသာ ဖွင့်ခွင့်ပြုခြင်းနှင့် ခွင့်ပြုသည့်ကိစ္စမှတစ်ပါး အခြား ကိစ္စများအတွက် အသုံးမပြုရန် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၄ တွင် ပြဋ္ဌာန်းထားသော်လည်း လက်ရှိမြေပြင်တွင် စည်းကမ်းထိန်းသိမ်း ကြီးကြပ်နိုင်မှု မရှိဘဲ အသံချဲ့စက်များ အလွန်အကျွံ ဖွင့်လှစ်လျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်