ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ သဲဖြူကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော ရွေးတုအစိုးရစစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးသည် လက်အောက်ငယ်သား ဗိုလ်လေးတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
သဲဖြူကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီး သန်းထိုက်အောင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီကျော်ခန့်က တပည့်ဖြစ်သူ ဗိုလ်လေးတစ်ဦးနှင့်အတူ ဆိုင်ကယ်စီး၍ သစ်ရောင်း ကျေးရွာဘက်သို့ သွားရောက်ခဲ့ရာ လမ်းရှိ တံတားတစ်စင်းအနီး၌ နှစ်ဦးသား စကားများရန်ဖြစ် ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အခြေအတင် ဖြစ်ပွားပြီးနောက် ဗိုလ်လေးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဗိုလ်ကြီး သန်းထိုက်အောင်မှာ ဦးခေါင်းတွင် ပွင့်ထွက်ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
“အခုအခြေအနေက သူတို့သန္ဓေအချင်းချင်းလည်း မတည့်ဘူး။ ပစ (ပြည်သူ့စစ်မှုထမ်း) တွေဆိုလည်း နေ့ရောညပါ ကင်းစောင့်ခိုင်းတာ။ ကတုတ်ကျင်းတူးလည်း ပစ၊ ရှေ့ကတက်တော့လည်း ပစ ဆိုတော့ မကျေနပ်မှုက မြင့်တက်နေတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသူ ဗိုလ်ကြီး သန်းထိုက်အောင်သည် ကန်ကြီးထောင့်မြို့နယ် အခြေစိုက် အမှတ် (၅၀၅) အမြောက် တပ်ရင်းမှ သဲဖြူကျေးရွာသို့ ပြောင်းရွှေ့တာဝန်ကျလာသူဖြစ်ပြီး ယခင် ထိုနေရာ၌ တာဝန်ကျခဲ့သည့် ဗိုလ်ကြီး စိုးမင်းတင်၏ နေရာကို ဆက်ခံရယူထားသူ ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်အတွင်းတွင် ပြင်ပတိုက်ပွဲများထက် တပ်တွင်းအချင်းချင်း ယုံကြည်မှု ကင်းမဲ့လာခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဖိနှိပ်မှုများနှင့် အကျိုးစီးပွား အငြင်းပွားမှုများကြောင့် အရာရှိအချင်းချင်းပင် အသက်ဆုံးရှုံးသည်အထိ ပစ်ခတ်မှုများ ဖြစ်ပွားလာနေကြောင်း သိရသည်။
ထို့ပြင် နယ်မြေအသီးသီးရှိ တိုက်ပွဲများတွင် ထိခိုက်ဆုံးရှုံးမှုများ၊ တပ်သားသစ် စုဆောင်းရေး အခက် အခဲများနှင့်အတူ အထက်အရာရှိများ၏ ဆက်ဆံအုပ်ချုပ်မှုအပေါ် မကျေနပ်မှုများ စုပုံလာနေခြင်း ကြောင့် ရွေးတုအစိုးရစစ်တပ်၏ တပ်တွင်းစိတ်ဓာတ်နှင့် စည်းစနစ်ပိုင်းဆိုင်ရာမှာ အတွင်းမှ ယိုယွင်း လာနေကြောင်း တပ်တွင်းမိသားစုများထံမှ သိရှိရချက်များကို အခြေခံ၍ သတင်းအထူးတပ်ဖွဲ့ ပုသိမ်က ဖော်ပြထားသည်။