ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က စီရင်ချက်ချပြီးနောက် ကုလသမဂ္ဂ၊ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံတို့နဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့ မလေးရှားနိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ICJ ရဲ့ စီရင်ချက်ကို မလေးရှားက လေးစားလိုက်နာတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စီရင်ချက်ကနေ ပေါ်ပေါက်လာမယ့် ကိစ္စရပ်တွေအတွက် နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း မြန်မာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး နစ်နာသူတွေကို လျော်ကြေးပေးဖို့နဲ့ နောက်ထပ် ချိုးဖောက်မှုတွေ မဖြစ်အောင် တားဆီးဖို့ ICJ တရားရုံးက အမိန့်ချခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တဲ့ ဒီဖြစ်စဉ်အတွင်း ရိုဟင်ဂျာ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူတစ်သန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ဒီပဋိပက္ခအတွက် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက် ရရှိဖို့ ဆက်လက်တွန်းအားပေးမှာဖြစ်သလို မလေးရှားနိုင်ငံအတွင်း ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေရဲ့ အခက်အခဲတွေ လျော့ပါးစေဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ စက်တင်ဘာ ၃၀ ရက် စာရင်းတွေအရ မလေးရှားနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၁၃၃,၄၀၀ ဦး ရှိနေပြီး အောက်တိုဘာလအထိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံထားရသူ ၆,၂၉၄ ဦး ရှိပါတယ်။

စက်တင်ဘာ ၃၀ ရက်အထိ မြန်မာနိုင်ငံသား ၁ ဒသမ ၆၄ သန်းခန့် မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ UNHCR စာရင်းတွေက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံအဖွဲ့ဟာ မြန်မာစစ်ခေါင်းဆောင်တွေကို အဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ နေပြည်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်အောင် လုပ်ဆောင်နိုင်ရင် မြန်မာရဲ့ နိုင်ငံရေး ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်ဖို့ စဉ်းစားနိုင်တယ်လို့ ပြောကြားခဲ့ပြီးနောက် ရွေးတုသမ္မတ မင်းအောင်လှိုင်က အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

News: Anadolu Agency
Ref; Malaysia to engage UN, OIC, ASEAN over Myanmar genocide ruling on Rohingya