ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တွေ့ဆုံဖို့ ကြိုးပမ်းမှုကို ပယ်ချပြီး ရက်ပိုင်းအကြာမှာ အချုပ်အခြာအာဏာကို ကာကွယ်ရင်း နိုင်ငံတကာဆက်ဆံရေးကို တိုးချဲ့သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရုရှားသံအမတ်ကြီး အပါအဝင် နိုင်ငံတကာမှ ခန့်အပ်လွှာပေးအပ်တဲ့ သံအမတ်သစ်တွေကို လက်ခံတွေ့ဆုံပွဲမှာ ၎င်းက အခုလို ပြောဆိုခဲ့ပြီး အရင်က အဆင့်မြင့်အရာရှိတွေသာ လုပ်လေ့ရှိတဲ့ ဒီတာဝန်ကို သူကိုယ်တိုင် လုပ်ဆောင်ခဲ့တာဟာ ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ မူဝါဒအောက်မှာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ မိတ်ဖက်ဆက်ဆံရေး စံနှုန်းတွေနဲ့အညီ နိုင်ငံခြားဆက်ဆံရေးကို လုပ်ဆောင်သွားဖို့က မြောက်ကိုရီးယားရဲ့ သံတမန်ရေး ရည်မှန်းချက်ဖြစ်တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က APEC ထိပ်သီးဆွေးနွေးပွဲအတွက် တရုတ်နိုင်ငံကို သွားရောက်စဉ် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဖို့ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပြီးနောက် ဒီအခမ်းအနား ကျင်းပတာ ဖြစ်ပါတယ်။

တရုတ်နဲ့ ရုရှားသမ္မတတွေနဲ့ သမိုင်းဝင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားခဲ့ပေမဲ့ ကင်ဂျုံအွန်နဲ့ မတွေ့ဘဲ နိုဝင်ဘာ ၁၉ ရက်မှာ အာရှမှ ပြန်ထွက်ခွာသွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း မတည်ငြိမ်တဲ့ လုံခြုံရေး အကျပ်အတည်းတွေနဲ့ နိုင်ငံရေး၊ စီးပွားရေး ပရမ်းပတာ အခြေအနေတွေကို ကြုံတွေ့နေရပြီး လက်ရှိ နိုင်ငံတကာ အခြေအနေဟာ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအပေါ် မြောက်ကိုရီးယားရဲ့ နားလည်မှုကို သိသိသာသာ ပြောင်းလဲစေတယ်လို့ ကင်ဂျုံအွန်က ဆိုပါတယ်။

ဝတ်စုံပြည့်နဲ့ လည်စည်းဝတ်ဆင်ထားတဲ့ ကင်ဂျုံအွန်ဟာ နိုင်ငံခြားရေးဝန်ကြီး ချွိုင်းဆွန်ဟွီ ဘေးမှာ ရပ်နေစဉ် ခန့်အပ်လွှာတွေ လက်ခံပြီး သံတမန်တစ်ဦးချင်းစီနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာကို KCNA က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ချဉ်းကပ်မှုကို လျစ်လျူရှုပြီး သံတမန်တွေကို လက်ခံတွေ့ဆုံတာဟာ ဗဟုဝင်ရိုး အချုပ်အခြာအာဏာ အခြေပြု သံတမန်ရေးဆီ ပြောင်းလဲလာတဲ့ အချက်ပြမှုဖြစ်ပြီး ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခင်းအကျင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံခေါင်းဆောင်အဖြစ် တက်ကြွစွာ ပုံဖော်လိုတဲ့ ဆန္ဒကို ပြသနေတယ်လို့ ကျောင်းနမ်တက္ကသိုလ် ပါမောက္ခ လင်အွန်းချူးက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ပထမသက်တမ်းအတွင်း ထိပ်သီးဆွေးနွေးပွဲတွေမှာ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ သဘောတူညီချက် ခိုင်ခိုင်မာမာ မရခဲ့ဘဲ ကုလသမဂ္ဂ ပိတ်ဆို့မှုတွေ ရှိနေတဲ့ကြား မြောက်ကိုရီးယားဟာ နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေသလို ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တပ်ဖွဲ့တွေ စေလွှတ်ပြီး ဆက်ဆံရေး ပိုခိုင်မာအောင် လုပ်ထားပါတယ်။

News: AFP
Ref; North Korea’s Kim highlights ‘sovereignty’ in ties after Trump no-show