
တာဝန်ခံမှုမရှိတဲ့ မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်သုံးသပ်သင့်ပြီ(ဘာသာပြန်ဆောင်းပြန်)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၁ ရက်
မကြာသေးမီ သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံလေပိုင်နက်ထဲ အကြိမ်ကြိမ် ကျူးကျော်ဝင် ရောက်မှု၊ လက်နက်ကြီးကျည်တွေ ကျရောက်တာနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်မှာ အာဏာသိမ်းစစ်ကောင်စီခန့် မြန်မာသံအမတ် အောင်ကျော်မိုးကို စတုတ္ထအကြိမ် ဆင့်ခေါ်ပြီး သတိပေးခဲ့ ပါတယ်။
သြဂုတ်လလယ်ကတည်းက မြန်မာဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မြန်မာစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်း ကျရောက်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက် မှာ မြန်မာစစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံး ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုအတွင်း ပေါက်ကွဲခဲ့ ရာ အသက် ၁၈ နှစ်အရွယ်
ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာလ ၃ ရက်ကလည်း မြန်မာစစ်လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲ ကျူးကျော်ဝင် ရောက်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ကို တပ်လှုန့်ခဲ့ရပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက နိုင်ငံရေးရင့်ကျက်မှု ပြသတဲ့အနေနဲ့ မြန်မာစစ်တပ်ကို ရန်စမှုမပြုလုပ်ဘဲ စိတ်ရှည်သည်းခံမှု ကျင့်သုံး ခဲ့ပေမယ့် အစိုးရက တင်းမာမှုတွေ
မြင့်တက်လာရတဲ့အကြောင်းရင်းကို ဂရုတစိုက်နဲ့ ဆန်းစစ်ခဲ့ပါတယ်။
လက်နက်ကြီးကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ ကျရောက်တာဟာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ် တော် (AA) ကြား တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာတွေကို တိုင်းပြည် ပြင်ပကို မောင်းထုတ်ဖို့လုပ်ဆောင်တဲ့ ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပါတယ်။
ဒီမိုကရေစီစည်းမျည်းမရှိတာကြောင့် အာဏာသိမ်းမြန်မာစစ်တပ်က ပြည်သူတွေအပေါ် တာဝန်ခံမှု မရှိ သလို နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လည်း ပြဿနာတစ်ခု ဖြစ်စေပါတယ်။ မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေက ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် တင်းမာမှုတွေ မြင့် တက်လာခဲ့တာ ပထမဆုံးအကြိမ်တော့
မဟုတ်ပါဘူး။
၂၀၂၀ ပြည့်နှစ်မှာ ပြည်တွင်းသောင်းကျန်းမှု တိုက်ခိုက်ဖို့ဟန်ဆောင်ကာ မြန်မာစစ်တပ်က နယ်စပ်အနီး တပ်ဖွဲ့ဝင် ၂၅၀၀ ကျော် တပ်ဖြန့်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးပြီးလနဲ့ချီအကြာ ၂၀၁၈ ခုနှစ်မှာ မြန်မာစစ်တပ်က နယ်စပ်တစ်လျှောက် တပ်ဖွဲ့တွေ စေလွှတ်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ သံအမတ်ကို ဆင့်ခေါ်ပြီး တပ်ဖွဲ့တွေ
ရုတ်သိမ်းခိုင်းခဲ့ရပါတယ်။
၂၀၁၉ ခုနှစ်မှာလည်း နယ်စပ်တစ်လျှောက် မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် လက်တုံ့ပြန်မှုအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မေလမှာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် တာဝန်ကျ ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တစ် ဦး ကျဆုံးခဲ့ရပါတယ်။
အတိတ်က တင်းမာမှုတွေကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်ခဲ့ပေမယ့် လူသေဆုံးမှုတွေရှိလာခဲ့တဲ့ နယ် စပ်တစ်လျှောက် ပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့ မြန်မာစစ်တပ်ကို ရပ်တန့်ဖို့ ဒီတစ်ကြိမ်မှာတော့ တရားဝင် ကန့် ကွက်တာလောက်က လုံလောက်တော့မှာမဟုတ်ပါဘူး။ စက်တင်ဘာလ ၁၇ ရက်မှာ ပြည်ထဲရေးဝန်ကြီး အကြံပြု ခဲ့သလို ဘင်္ဂလားဒေ့ရှ်အစိုးရက
နယ်စပ်ပြဿနာကို ကုလသမဂ္ဂထံ တိုင်ကြားသင့်နေပါပြီ။
မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြစ်တင်ရှုတ်ချရာမှာ ကုလသမဂ္ဂရဲ့အခန်းကဏ္ဍက အကန့် အသတ်တွေရှိနေပြီး ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ယခုအခါ ရုရှားနိုင် ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နေပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဗလာဒီဗော့စတော့မြို့မှာပြုလုပ်တဲ့ အရှေပိုင်းစီးပွားရေးဖိုရမ်ကို
တက်ရောက်ဖို့ နှစ်လအတွင်း ဒုတိယအကြိမ်အဖြစ် ဒီလအစောပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ့် ကုလသမဂ္ဂရဲ့ကြိုးပမ်းမှုတွေကို မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ ရုရှားနဲ့တရုတ်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချမှာ သေချာပါတယ်။ မိမိ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ နှိပ်စက်ကလူပြုမှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက် တွေ ရောင်းချတာရပ်တန့်ဖို့
ကုလသမဂ္ဂဟာ မကြာသေးမီက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ကို စစ်လက်နက်တွေ အဓိက ရောင်းချနေတာ တရုတ်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂရဲ့ တောင်း ဆိုမှုက ဘယ်လောက်အထိ ထိရောက်မှုရှိ မရှိဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ မြန်မာစစ်တပ်ကို လက်နက် ရောင်းချနေတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယ၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ ဖိလစ်ပိုင်နဲ့ မြောက်ကိုရီးယားတို့ ပါဝင်ပြီး ဂျက် တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊
သံချပ်ကာယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အဓိက ရောင်းချပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ ကုလသမဂ္ဂ သို့မဟုတ် ဒေသတွင်းအစည်း အဝေးတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အနည်းငယ် မျှော်လင့်နိုင်ပေမယ့် တရုတ်နဲ့ အိန္ဒိယအပါအဝင် ဒေသတွင်း အင်အားကြီးနိုင်ငံတွေက ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အာ ဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက
ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကို အတည်ပြုခဲ့ပြီး ဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံ တစ်ခုတည်းကပင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိတယ်လို့ ရိုက်တာသတင်း တစ်ရပ်အရ သိရပါတယ်။
တရုတ်နိုင်ငံက ထိပ်တန်းရင်းနှီးမြှုပ်နှံတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး ဂျပန်၊ ထိုင်း, တောင်ကိုရီးယားနဲ့ စင် ကာပူက ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်ပါတယ်။ မျှော်လင့်စရာတစ်ခုကတော့ ဘုံသဘောတူညီချက် ဖော်ဆောင် ရာမှာ တိုးတက်မှုမရှိတာကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ ၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးမှာ စစ်ကောင်စီအား တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇူလိုင်လအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တာကြောင့် အာဏာ သိမ်းစစ်ကောင်စီက ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ် ရေး၊ သံတမန်ရေးအပါအဝင် မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အချိန်ကျပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘဏ္ဍာရေးနှစ်အတွင်း
နှစ်နိုင်ငံကုန်သွယ်မှုက ၂၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိမယ်လို့ မျှော်မှန်းခဲ့ပါ တယ်။
မြန်မာနဲ့ပြဿနာကို ဖြေရှင်းဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်များအရေး အဖြေရှာဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံ တကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသတွင်းမှာ အရေးပါတဲ့ မဟာဗျူ ဟာမြောက် နိုင်ငံတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေး အားသာချက်ရှိကာ တရုတ်၊ အိန္ဒိယအပြင် ဒေသတွင်းနိုင်ငံအားလုံး နဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေး
တည်ဆောက်ထားပါတယ်။
နယ်စပ်အရေး ဖြေရှင်းရာမှာ စစ်ကောင်စီကို တွန်းအားပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသတွင်း မိတ်ဖက် နိုင်ငံတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။ ရခိုင့်တပ်တော် (AA) က မြန်မာစစ်တပ်ထံမှ လက်နက်ကြီး ကျည်တွေ ခိုးယူကာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီခန့် မြန်မာသံအ မတ်က ပြောကြားခဲ့ပါတယ်။
အဆုံးမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှုတွေက မြန်မာစစ်တပ်ရဲ့တန်ဖိုးနဲ့ ကျင့်ဝတ်တွေ အပေါ် သက်ရောက်မှုရှိလာမှာဖြစ်တာကြောင့် မိမိတို့အနေနဲ့ ပိုင်နက်နယ်မြေနဲ့ ဆယ်စုနှစ်ချီ ခိုလှုံနေရတဲ့ ရိုဟင် ဂျာဒုက္ခသည်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်ထုတ် The Daily Star သတင်းစာပါ ဆောင်းပါးရှင် Tasneem Tayeb ရဲ့ Bangladesh should revisit its Myanmar policy ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။