ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၁ ရက်
ဧရာဝတီတိုင်း၊ ငဝန်မြစ် အနောက်ခြမ်းရှိ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တပ်စွဲနေရာယူနေသည့် စစ်တပ်စစ်ကြောင်းများ အထိနာနေကြောင်း သိရသည်။
ရခိုင်တောင်ပိုင်းကို ဝင်ရောက်ရေး စစ်ဆင်ရေးတစ်ရပ်အဖြစ် ပြီးခဲ့သည့် မေလ လကုန်ပိုင်းမှစကာ သာပေါင်းမြို့နယ် ညောင်မှော်သောင်တန်းဘက်ကို အစပြုဝင်ရောက်ပြီး သာပေါင်းနှင့် ရေကြည်ရှိ ကျေးရွာများကို တပ်ဖြန့်ခဲ့သည့် စစ်တပ်သည် ယခုအခါ အင်အားပို့မလောက်သည့် အခြေအနေနှင့်ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ရက်နေ့ကလည်း ရန်ကုန်ရှိတပ်ရင်းများမှ တပ်ဖွဲ့ဝင် အင်အား တစ်ထောင်နီးပါးကို စစ်ကား အစီး ၂၀ ခန့်ဖြင့်တင်ဆောင်သွားပြီး ပုသိမ် နတခအတွင်းပို့ဆောင်ထားကြောင်း သိရသည်။
”ပုသိမ်ကနေ သာပေါင်းဘက် စစ်ကူထပ်ပို့တယ်တော့မကြားရသေးဘူး။ ညဘက်လှုပ်ရှားရင်တော့ မသိဘူးပေါ့။ ဒါပေမယ့် စစ်ကူပို့မလောက်လို့ ဧရာဝတီအစပ် စစ်ဆင်ရေး အဆုံးသတ်တော့မလိုတော့ ကြားနေတယ်။ ပစ တွေထပ်ပို့ပြီး ရင်းမလား ကြည့်ရမယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ယာဉ်တန်းများ နတခကို ဝင်ရောက်သွားပြီးနောက် ကျုံပျော်ဘက်ကို စစ်အင်အားဖြည့်တင်းသည်ဟုသိရသည်။ တိုက်ပွဲပြင်းထန်နေသည့် သာပေါင်း၊ သဲဖြူဘက်ခြမ်းကိုမူ စစ်ကူပို့သည့် လှုပ်ရှားမှု မတွေ့ရသေးသော်လည်း အင်အားဖြည့်တင်းမှုရှိလာနိုင်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ရွှေသောင်ယံတွင်အခြေစိုက်နေသည့် တပ်မ ၆၆၏ နည်းဗျူဟာတစ်ခုမှာလည်း တိုက်ပွဲများအတွင်း လုံးပါးပါးနေပြီဖြစ်ကာ တိုက်ပွဲအတွင်း စစ်တက္ကသိုလ် DSA ဆင်းကာစ လူငယ်အရာရှိများသေဆုံးသည်အထိ ဖြစ်လာသည်။