ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမတိုင်မီ ဝါရှင်တန်နဲ့ တင်းမာမှုတွေ လျှော့ချဖို့ ဖန်တီးထားတဲ့ နိုင်ငံရေးပရိယာယ်တစ်ခု ဖြစ်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ မော်စကိုရဲ့ စေတနာအမှန်ကို တိတိကျကျ သိရလိမ့်မယ်လို့ ၎င်းက တနင်္ဂနွေနေ့က ပြောပါတယ်။
ရုရှားရဲ့ ရည်ရွယ်ချက်အမှန်ကို လုပ်ဆောင်ချက်တွေနဲ့ သဘောတူညီချက် ရယူလိုတဲ့ ဆန္ဒအပေါ် မူတည်ပြီး အကဲဖြတ်ရမယ်လို့ ယူကရိန်း TSN ရုပ်သံနဲ့ အင်တာဗျူးမှာ သူက ဆိုပါတယ်။
ဆွေးနွေးပွဲတွေအတွက် ယူကရိန်းက အသင့်ရှိနေပေမဲ့ ဒီဆွေးနွေးပွဲတွေကနေ ခိုင်မာတဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ လိုတယ်လို့ ဇီလန်စကီးက ဆက်ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ စွမ်းအင်ဆိုင်ရာ အပစ်ရပ်ရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေး၊ ကောက်ပဲသီးနှံ တင်ပို့မှု သဘောတူညီချက်တွေ၊ အကျဉ်းသားတွေ အပြန်အလှန် လဲလှယ်ရေး ဒါမှမဟုတ် ခေါင်းဆောင်အဆင့် တွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ ၎င်းက အဆိုပြုထားပါတယ်။
နယ်မြေဆိုင်ရာကိစ္စတွေကို ခေါင်းဆောင်တွေအဆင့်မှာ ဆွေးနွေးနိုင်ပြီး ဒါဟာ ယူကရိန်းရဲ့ စည်းကျော်လို့မရတဲ့ စည်းမျဉ်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းစစ်တပ်အပေါ် ကန့်သတ်ချက်တွေ သတ်မှတ်ပြီး ကြားနေနိုင်ငံအဖြစ် ရပ်တည်ဖို့ တောင်းဆိုချက်တွေကို ဇီလန်စကီးက ငြင်းဆန်ခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီးမှ ပူတင်နဲ့ တွေ့ဆုံရမယ့် အခြေအနေမျိုးကို မလိုလားဘူးလို့ ၎င်းက ပြောပါတယ်။
အမေရိကန်သမ္မတကတော် မယ်လာနီယာထရမ့်ရဲ့ ညှိနှိုင်းပေးမှုနဲ့ အောက်တိုဘာ ၂၇ ရက်မှာ စတင်မယ့် အိုလက်ရှ်ကီမြို့ရဲ့ ဒေသဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို စိုးရိမ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။
ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့ ရုရှားတပ်တွေက မိုင်းရှင်းပေးဖို့ လိုပေမဲ့ ရုရှားက စစ်ရှောင်တွေကို ယူကရိန်းဘက် မပို့ဘဲ ရုရှားနယ်မြေထဲ ရောက်သွားအောင် လုပ်ဆောင်နိုင်တယ်လို့ ၎င်းက သတိပေးပါတယ်။
စစ်ပွဲ အမြန်ဆုံး အဆုံးသတ်ရေးနဲ့ ပိုင်နက်နယ်မြေ ကာကွယ်ရေးအတွက် ယူကရိန်းအစိုးရအနေနဲ့ သံတမန်ရေးအရ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။
News: Anadolu
Ref; Zelenskyy warns Putin peace offer may be ‘political trick’