ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

တင်္နသာရီတိုင်း၊ KNU အုပ်ချုပ်နယ်မြေ၊ လယ်မူလားမြို့နယ်(ပုလော)၊ ပုလောကျေးရွာအုပ်စုအတွင်းရှိ မကျည်းကုန်းကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွေးတုအစိုးရလက်အောက်ခံ ခလရ-၂၈၅ တပ်ရင်း၏ ကာကင်းစခန်းကို ကရင်အမျိုးသာရလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အဆိုပါ မကျည်းကုန်းစစ်တပ်စခန်းမှ MA1 တစ် လက်၊ MA3 တစ် လက်၊ OG တစ် လက်၊ AK တစ် လက်၊ ၆၀ မမ တစ် လက် အပါအဝင်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

တင်္နသာရီတိုင်းအတွင်း ပြီးခဲ့သည့် အောက်တိူဘာ ၁၀ ရက်နေ့ကလည်း ရေဖြူမြို့နယ်၌ စစ်တပ်စစ်ကြောင်း
နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင် သုံး ဦးသေဆုံးကာ ခြောက် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – KNU