ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွားအနီးရှိ မမြရေလှောင်တမံ ဆည်ရေလျှော့ရေးအတွက် နှစ်ပေနီးပါးလျော့ထားပြီး ကျေးရွာ ၅၀မှ ဒေသခံများကို ယာယီကယ်ဆယ်ရေးစခန်းများအပါအဝင် ကုန်းမြင့်ဒေသများတွင်‌ ပြောင်း ရွှေ့နေထိုင်ကြကြောင်း သတင်းရရှိသည်။

 

လက်ရှိတွင် ရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ နိမ့်မြင့်အမှတ် ၃၀၅ ပေသို့ရေလျှော့ချနေရာ တစ်ပေရှစ်လက်မ ကျော် ရေလျှော့ချထားနိုင်ကြောင်းသိရသည်။

 

အဆိုပါဆည်ရေဝင်ရောက်နိုင်သော မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက် စုမှ ကျေးရွာ ၃၀၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စုမှ ကျေးရွာ ၂၀ စုစုပေါင်းကျေးရွာ ၅၀ မှ ဒေသခံများရွှေ့ပြောင်းနေထိုင်ရကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

“မနေ့က မမြဆည်ပတ်ဝန်းကျင်မှာမိုးရွာတယ်။ မိုးရွာတာများတယ်။ မြေသားနိမ့်ကျတဲ့နေရာမှာ အန္တရာယ်ရှိပါတယ်။ အားလုံးဂရုစိုက်ပြီးလုပ်နေကြတယ်။ လိုင်းပေါ်မှာ တမံကျိုးပြီးဆိုတော့ ပြောနေကြတယ်။ တာမံမကျိုးပါဘူး။ မိုးမရွာတော့အဆင်ပြေမယ်ထင်တယ်။ ရေလျှော့ချနေတာရှိတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မမြရေလှောင်တမံ၊ အရေးပေါ်ရေပိုလွှဲကို အမြင့်ပေ ၃၁၂ ပေရှိရာမှ ၃၀၇ ပေအထိနှိမ့်ချ၍ ရေလျှော့ချနိုင်ရန် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေများ ပိုမိုခိုင်မာတောင့်တင်း မှုရှိစေရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

လက်ရှိတွင် မြေသားတမံတာအောက်ခြေပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေတူးစက် သုံး စီး၊ မြေထိုးစက် တစ် စီး၊ မြေသယ်ယာဉ် ခုနှစ် စီးတို့ဖြင့် လုပ်ဆောင်နေသည်။

 

အောက်တိုဘာ ၁၀ ရက်နေ့တွင် မမြရေလှောင်တမံ၏ တမံပေါင် တမံအလျား ပေ ၂၅၀၊ အနံ့ ၁၀ ပေခန့်မှ မြေသား ၂၇ ပေခန့်မြေသားပြိုကျသွားခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်