
စစ်ကောင်စီမှ ရက္ခိုင်နှင့်ပလက်ဝဒေသအား လေကြောင်း၊ ကုန်းကြောင်းမှ နေ့စဉ်နီးပါးထိုးစစ်ဆင်နေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာများရှိ ရက္ခိုင့်တပ်တော်အား စစ်ကောင်စီတပ်များသည် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ကာ ထိုးစစ်ဆင်နေသည်မှ တစ်လကျော်ကြာမြင့်နေပီး ဖြစ်ကြောင်း AAမှ ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ ရမိုင်တိုင်အမှတ် (၄၀) အနီးရှိစခန်းအား တစ်လနီးပါးကြာ ဖြတ်တောက်ပိတ်ဆို့လျက် သိမ်းပိုက်နိုင်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင်လည်း ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့်အပြင် သံတောင်ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့သဖြင့်
ယခုအခါ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်သည် ရက္ခိုင်၊ ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီ၏အထိုင်ချစခန်းများအား ယခုကဲ့သို့ဖြတ်တောက်ပိတ်ဆို့အထိုင်ချထားသောကြောင့် စစ်ကောင်စီတပ်၏ ထောက်ပို့၊ ရိက္ခာ၊ ဒဏ်ရာရလူနာသယ်ပို့လမ်းကြောင်းများမှာ အခက်ခဲများရှိလာသောကြောင့် ပိတ်ဆို့ထားသော မိမိတို့AAစစ်ကြောင်းများအား လေကြောင်း၊ ကုန်းကြောင်းမှ တိုက်ခိုက်မှုများ
အသည်းအသန်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက် ၂ ကီလိုမီတာခန့်အကွာရှိ ရက္ခိုင့်တပ်တော်ရှိရာသို့ စစ်ကောင်စီမှ ထိုးစစ်ဆင်လျက်ရှိရာ တစ်လနီးပါးနေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးစက်တင်ဘာ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ဂျက်တိုက်လေယာဉ် ၃ စီး၊ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ညနေ ၃ နာရီခန့်အထိ တစ်လှည့်စီ
လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၃ စီးမှ ဗုံး၊ ရော့ကတ်များဖြင့် ၁၁ ကြိမ်ခန့် တစ်ပြိုင်နက်တည်း မရပ်မနားဘဲ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ပြီး စစ်ရဟတ်ယာဉ် ၂ စီးဖြင့် လည်း နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့သည့်အပြင် စစ်ကောင်စီမှမီးဝဗျူဟာနှင့် လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါနေရာသို့
တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိတို့ဖက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ပလက်ဝဒေသအား လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့် အတူ မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ၇ ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်သည် ရန်သူ့ထိုးစစ်ကို ဆက်လက်ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – AA Info Desk
#AA #ပလက်ဝ #စစ်ကောင်စီ
#Ayeyarwaddy_Times