ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
အာဏာသိမ်း ရွေးတုအစိုးရစစ်တပ်အတွင်း အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲများ အစုလိုက် အပြုံလိုက် ပြုလုပ်ခဲ့ရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်းနှင့် အပတ်စဉ်တူဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ယခင် လေကြောင်း ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ နောက်ဆက်တွဲ တာဝန်နေရာနှင့် ပတ်သက်၍မူ တိကျစွာ သိရှိရခြင်း မရှိသေးပေ။
စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့များတွင် လစ်လပ်နေသော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာသို့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) သန်းထိုက်အား ခန့်အပ်ခဲ့ပြီး လေကြောင်းဦးစီးချုပ် ပြည့်စုံလင်းကို စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်း ရွှေ့ခန့်အပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေကြောင်းတပ်မတော်လေ့ကျင့်ရေး တိုင်းမှူး တင်မင်းလတ်မှာ လေ ကြောင်းဦးစီးချုပ် ဖြစ်လာခဲ့ကာ စစ်တက္ကသိုလ် (စတသ) ကျောင်းအုပ်ကြီး အောင်ကိုနိုင်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ယခင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး အောင်ဌေးကို ရေကြောင်းတပ်မတော် လေ့ကျင့်ရေး တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး တပ်မ (၅၅) တပ်မမှူးမှာ စစ်တက္ကသိုလ် (စတသ) ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ကျော်နိုင်ဦးမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် သို့ ပြောင်းရွှေ့ခဲ့ကာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး စိုးမြတ်ထွဋ်မှာမူ စစ်ဆင်ရေးအထူးအဖွဲ့မှူး (စထ-၂) အဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရသည်။

ထို့အပြင် တပ်မ (၉၉) တပ်မမှူး စိုးဝင်းထွန်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ကျော်သူရကို နောက်ချန်တပ်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့သည်။
တပ်မ (၉၉) ဒုတပ်မမှူး အောင်စည်ဖြိုးမှာ တပ်မမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသလို ကာကွယ်ရေး ဦးစီးချုပ်ရုံး စခန်းမှူးကို အရန်အင်အားသို့ ပို့ဆောင်ကာ ဒုတိယစခန်းမှူး ဖြစ်သူအား စခန်းမှူးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ဘက်ဆိုင်ရာ အပြောင်းအလဲများနှင့်အတူ ရွေးတုအစိုးရလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အပါအဝင် အခြားသော အရပ်ဘက် ဝန်ကြီးဌာနများတွင်လည်း ပြည်ထောင်စုဝန်ကြီးများနှင့် ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများကို အစုလိုက် အပြုံလိုက် ရာထူး အပြောင်း အလဲများ ပြုလုပ်ထားကြောင်း သိရသည်။