‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၂ရက်
‎
မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် ရွေးတုအစိုးရစစ်တပ်၏ စစ်ယာဉ် တန်းနှင့် ခဲယမ်း၊ လက်နက်၊ ရိက္ခာတင်ကားများသည် ခရီးစဉ်တစ်လျှောက် တိုက်ခိုက်မှုများနှင့် ကြုံတွေ့နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ရေးအရင်းအမြစ်များထံမှ သိရသည်။

စစ်ကား ၁၃၃ စီးပါ စစ်ယာဉ်တန်းသည် မန္တလေးမြို့မှ အောက်တိုဘာ ၁၀ ရက်တွင် ထွက်ခွာလာပြီး စစ်ကိုင်း တိုင်း အထက်ပိုင်းရှိ ထီးချိုင့်နှင့် ကသာမြို့နယ်များဘက်သို့ ဖြတ်သန်းလာစဉ် လမ်းခရီးအတွင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒရုန်းတင်ကား အချို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“စစ်ကူ၊ ရိက္ခာ၊ လက်နက်၊ ခဲယမ်းတင်လာတဲ့ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရတာမှာ မီးလောင်သွားတဲ့ ကားတွေကို ထားပစ်ခဲ့ပြီး ယာဉ်တန်းတွေ ရှေ့ဆက်သွားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်တပ်ယာဉ်တန်းသည် ထီးချိုင့်မှ ကသာသို့ အဝင် ယမန်နေ့ အောက်တိုဘာ ၁၁ ရက် ညနေပိုင်း က ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒရုန်းတင်ကား နှစ်စီး မီးလောင်ပျက်စီးခဲ့သဖြင့် ချန်ရစ်ခဲ့ကာ ကျန်သည့် စစ်ယာဉ်တန်းများမှာ မြစ်ကြီးနားသို့ ဦးတည် ထွက်ခွာသွားသည်။

ထို့နောက် ကသာ – အင်းတော် လမ်းပိုင်းမှ ဟိုပင်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ရာ ယနေ့ အောက်တို ဘာ ၁၂ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုပင်မြို့မှတစ်ဆင့် ကချင်ပြည်နယ် မိုးညှင်းမြို့ဘက်သို့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ယာဉ်တန်းသည် မိုးညှင်းမြို့နယ်အတွင်းသို့ ဝင်ရောက် ရောက်ရှိနေပြီဖြစ်ပြီး လမ်းခရီးတစ်လျှောက်တွင်လည်း လုံခြုံရေးတင်းကျပ်ထားကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။ အင်းတော်လမ်းပိုင်း၌လည်း ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှစကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး အောက်တိုဘာ ၉ ရက်တွင် မဲဇာရွာကို စစ်တပ်က စီးနင်းဝင်ရောက်ခဲ့သည်။

ပုံစာ-စစ်တပ် စစ်ယာဉ်တန်းကို တွေ့ရစဉ်(ပုံဟောင်း)