ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ဝေယံလင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TTA-PDF) က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဖမ်းဆီးခံရသူ ဝေယံလင်းသည် လူမှုကွန်ရက် TikTok ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ရည်ညွှန်းကာ စိန်ခေါ်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး မြေပြင်စစ်ရေးအရ ရင်ဆိုင်ရန် ကြွေးကြော်ခဲ့သူတစ်ဦး ဖြစ်သည်။
“ဖိုက်တာလုပ်မနေနဲ့၊ နိုင်အောင်လာတိုက်၊ အပြင်မှာ စစ်ကြောင်းလာရင်လည်း ပတ်မပြေးနဲ့၊ မင်းတို့ PDF လေးတွေလာတိုက်” ဟု ၎င်းက TikTok ပေါ်တွင် စိန်ခေါ် ပြောကြားခဲ့ဖူးသည်။

ဝေယံလင်းသည် TTA-PDF ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် အခြားသော ပျူစောထီး အဖွဲ့ဝင်များကို သတိပေးသည့်အနေဖြင့် “ကျန်ခဲ့တဲ့သူတွေ ငါ့လို TikTok ပေါ်မှာ တက်ပြီး အာမချောင်နဲ့၊ နမူနာငါ့ကိုပဲကြည့်။ ကောင်းစားသူတို့ပဲကောင်းစားမှာ၊ သေရင် ကိုယ်တွေအရင်သေမှာ” ဟု ပြောဆိုထားသည့် ဗီဒီယိုဖိုင်ကို တော်လှန်ရေးအဖွဲ့က လူမှုကွန်ရက်တွင် တင်ထားသည်။
TTA-PDF အနေဖြင့် ဖမ်းဆီးရမိထားသူ ဝေယံလင်းကို လူ့အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားကြောင်း ဆိုထားပြီး မည်သည့်နေရာတွင် မည်သည့်အချိန်က ဖမ်းဆီးရမိခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ဆက်လက်ဖော်ပြထားခြင်း မရှိပေ။