ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ခရိုနီမိသားစုဝင် ရွှေဗျိုင်းဖြူ ဥက္ကဋ္ဌ သမီး သိမ့်ဝင်းထက်ကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းတို့အား Justice For Myanmar(JFM) အနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

 

ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးခံရသည့် သိမ့်ဝင်းထက်သည် ရေနံတင်သွင်းခြင်း၊ သတ္တုနှင့် သစ်ထုတ် လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး မြန်မာစစ်တပ်နှင့် စီးပွားရေးအရဆက်နွှယ်နေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို တည်ထောင်သူ၏သမီးလည်း ဖြစ်သည်။

 

အမေရိကန်အစိုးရသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း သိမ့်ဝင်းထက်၏ မိခင် တင်လတ်မင်း အပါအဝင် လက်နက်ပွဲစားများဖြစ်ကြသည့် အောင်လှိုင်ဦးနှင့် စစ်တိုင်းအောင်၊ စစ်တပ်စီးပွားဖက် ဂျော်နသန်မျိုးကျော်သောင်းနှင့် ၎င်းတို့၏ကုမ္ပဏီများကို ပိတ်ဆို့မှုစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။

ရွှေဗျိုင်းဖြူအုပ်စုသည် တယ်လီနောမြန်မာ(ATOM Myanmar) ကို လွှဲပြောင်းရယူခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်းရေး စနစ်များကို တပ်ဆင်ကာ စစ်အုပ်စုအား ပြည်သူများပေါ် စောင့်ကြည့်နိုင်ခွင့် ရရှိစေခဲ့သည်။

 

ထို့ပြင် သိမ့်ဝင်းထက်သည် One Telecom Company Limited ၌ အစုရှယ်ယာရှင်နှင့် ဒါရိုက်တာအဖြစ်ပါဝင်ခဲ့ပြီး စစ်တပ်၏ မြန်မာ-ရုရှား မိတ်ဖက်ဆက်ဆံရေးတွင် ပါဝင်သည့် Min Shwe Myine Enterprise Limited တွင်လည်း အစုရှယ်ယာများ ပိုင်ဆိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

သိမ့်ဝင်းထက်ကဲ့သို့ တရားမဝင်စစ်အုပ်စုနှင့် ပတ်သတ်သူများကို ထရမ့်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုမှ ဖြေလျော့ပေးခဲ့သော်လည်း ပါလက်စတိုင်းအပါအဝင် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန်ဆောင်ရွက်နေသည့် ICC အဖွဲ့အစည်းအပေါ်ကို ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ခြင်းအပေါ် JFM ကရှုတ်ချထားသည်။

 

အမေရိကန်အစိုးရအနေဖြင့် ရာဇဝတ်မှုများကို အပြစ်ပေးခံရခြင်းမရှိဘဲ ကျူးလွန်နေသည့် စစ်တပ်နှင့် ထိတွေ့ဆက်ဆံနေသည်ဟူသော သတင်ရများအပေါ်ကိုလည်း JFM ကစိုးရိမ်နေပြီး စစ်တပ်၏ အကြမ်းဖက်မှုများကို ကူညီထောက်ပံ့ပေးနေသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုတင်းကျပ်စွာ ဒဏ်ခတ် ပိတ်ဆို့ရမည်ဖြစ်ကြောင်း JFM က ဆိုသည်။