ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
ရန်ကုန်မြို့လယ်လည်တွင် ဆူးလေးလမ်းမကြီးပေါ်မှ လမ်းဖြတ်ကူးသူများကို ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် စည်းကမ်းမဲ့လမ်းဖြတ်ကူးသည်ဟုဆိုကာဖမ်းဆီးနေ ကြောင်း သတင်းရရှိသည်။
ယမန်နေ့က ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ခြေလျင်ဖြင့်သွားလာသူများ လမ်းဖြတ်ကူးပါက သတ်မှတ်ထားသော မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားတို့မှဖြတ်ကူးရမည်ဖြစ်ကြောင်း ထုတ်ပြန်ပြီး ယနေ့စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ရန်ကုန်မြို့လယ်ရှိ ဆူးလေခုံးကျော်တံတားအောက်မှ ကားလမ်းဖြတ်ကူးသူ အမျိုးသား ကိုးဦးနှင့် အမျိုးသမီး ငါး ဦးတို့ဖမ်းဆီးခံရကြောင်းသိရသည်။

“ဆူးလေရောက်ရင် အရင်တုန်းကတော့ ဆူးလေခုံးကျော်တံတားကတက်ကူးတာပဲ။ စစ်တပ်အာဏာသိမ်းထားလို့ စည်းကမ်းတွေသပ်သပ်ကိုချိုုးဖောက်ပြီး မကျေနပ်တာကိုပြတာ။ နောက်စစ်တပ်က သူတို့အာဏသိမ်းပြီး ခုံးကျော်တံတားတွေကိုပိတ်ထားတာ ဆန္ဒပြမှာစိုးလိုလေ။ အချို့ခုံးကျော်တံတားတွေ လှည်တန်းဘက် ပြည်လမ်းဘက်ပြန်ဖွင့်ထားတာမကြာသေးဘူး ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လူကူးမျဉ်းကျားအရေအတွက် နည်းပါးပြီး လူကူးမျဉ်းကျားမှ လမ်းကူးသော်လည်း ကားမောင်းသမားများက ကားအရှိန်လျော့မောင်းပေးခြင်း၊ ကားရပ်ပေးခြင်းမရှိကြောင်း ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
“အများပြည်သူလူထုနဲ့ဆိုင်တဲ့ကိစ္စတွေမှာ အပြောင်းအလဲတစ်ခု လုပ်ပြီးဆိုရင် အဲဒါနဲ့ပတ်သတ်ပြီး ပြည်သူကိုအရင်အသိပညာပေးရမယ်။ အခုလိုလူကူးမျဉ်းကျားကူးဖို့ဆိုရင် လူတွေအများစုသွားတာနေတဲ့နေရာမှာ လူကူးမျဉ်ကျားရှိလား။ မရှိရင်အရင်လုပ်ပေးရမယ်။ ဘက်စုံအောင်ပါမယ်။ ကားမောင်းသူတွေက လူကူးမျဉ်းဆိုကားရပ်ရမယ်လို့။ အစိုးရတစ်ရပ်လို့ခံယူထားတဲ့သူက ကိုယ့်ဘက်ကအရင်ပြည့်စုံလုပ်ပေးပြီးမှ ပြည်သူကို အသိပညာပေး တာလုပ်ပြီးမှ အရေးယူတာလုပ်ရမှာ ” ဟု ပြည်သူ့ရေးရာမူဝါဒလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်ပါဝင်သဖြင့် ယင်းမြို့နယ်များအတွင်း မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားတို့မှ ကားလမ်းဖြတ်ကူးရ မည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၁ ရက်တွင်ထုတ်ပြန်သည်။
အဆိုပါ ဥပဒေတွင် မည်သူမဆို နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည် ဟုပြဋ္ဌာန်းထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်