ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အာဏာသိမ်း ရွေးတုအစိုးရစစ်တပ်က Y-12 လေယာဉ်ဖြင့် ယနေ့ (အောက်တိုဘာ ၁၂ ရက်) နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကနဦး အရပ်သား ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက် သတင်းကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဝက်လက်မြို့ အနောက်ခြမ်းရှိ မဲကုန်း၊ ဥယျာဉ်မ၊ ရေထွက်နှင့် ကျီးကန်မြောက် ကျေးရွာများကို ယနေ့ အောက်တိုဘာ ၁၂ ရက် နံနက်အစောပိုင်း ၃ နာရီကျော်မှစတင်၍ ရွေးတုအစိုးရစစ်တပ်က တံတားဦးလေတပ်မှ တက်လာသည့် Y-12 ထောက်ပို့ ဗုံးကြဲလေယာဉ်တစ်စီးဖြင့် ၁၃ ကြိမ်တိုင်တိုင် ဗုံးသီး ၃၅ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဲကုန်းကျေးရွာမှ ပြည်သူ လေး ဦး သေဆုံးကာ ခုနစ် ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ရေထွက်ကျေးရွာမှ လေး ဦး၊ ဥယျာဉ်မကျေးရွာမှ တစ် ဦးနှင့် ကျီးကန်းမြောက်ကျေးရွာမှ တစ် ဦး စုစုပေါင်း ၁၃ ဦး ကနဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

“လောလောဆယ် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေလို့ နောက်ဆက်တွဲ အခြေအနေကို အတိအကျ မသိရသေးပါဘူး” ဟု ဝက်လက်သတင်းကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

 

ထို့ပြင် လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲမှုကြောင့် ပြည်သူပိုင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီး ခဲ့ရသည်။ အာဏာသိမ်း ရွေးတုအစိုးရစစ်တပ်အနေဖြင့် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဝက်လက်မြို့နယ် ပကဖအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ မြေပြင်အခြေအနေနှင့် ဒဏ်ရာရရှိသူများ၏ နောက်ဆက်တွဲ သတင်း အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် ဝက်လက်သတင်းကွန်ရက်၊ NUG ဝက်လက်မြို့နယ် ပကဖအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းလျက်ရှိသည်။

 

အာဏာသိမ်း ရွေးတုအစိုးရစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ဒေသခံ အရပ်သားပြည်သူများအနေဖြင့် လေကြောင်းဆိုင်ရာ ဘေးအန္တရာယ် သတိအသိဖြင့် နေထိုင်ကြပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးသတိပေး နှိုးဆော်ထားသည်။

 

ဓာတ်ပုံ – ဝက်လက်သတင်းကွန်ရက်