ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

 

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် တစ်နိုင်ငံလုံး အပူချိန်မြင့်တက်နေချိန်တွင် ယခုတစ်ပတ်မှစတင်ကာ ရန်ကုန်အပါအဝင် မြို့ကြီး ခြောက် မြို့နယ်တွင် ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ပိုမိုပူပြင်းလာနိုင်ကြောင်း ရွေးတုအစိုးရလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။

 

ယခုဒုတိယ ၁၀ ရက်ပတ် (အောက်တိုဘာ ၁၁ ရက်မှ ၂၀ ရက်အတွင်း) အယ်လ်နီညိုကြောင့် ပုံမှန်ထက် ပိုမိုပူပြင်းမည့်နေရာများတွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ပါဝင်ပြီး နေ့အပူချိန်များမှာ ပုံမှန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ တိုးလာမည်ဖြစ်သည်။

“ရာသီဥတုမပူခင် အပူချိန်ခံနိုင်ဖို့ အဲယားကွန်းပြင်ဖို့ လုပ်နေတာ။ အဲယားကွန်း ဆားဗစ်ကြေးတင် တစ်သိန်းနီးပါး ပေးရမှာမို့ ဆားဗစ် မလုပ်ရသေးဘူး။ ရန်ကုန်မှာ ပူနေပြီ။ အခု အပူချိန်တိုးမယ်ဆိုတော့ အဲကွန်းပြင်ပြီးရင်တောင် မီးမလာတာနဲ့ မထူးတော့ဘူးဖြစ်နေပြီ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ညအပူချိန်များအနေဖြင့်မူ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အောက်တို ဘာလ၏ ပျမ်းမျှအပူချိန်အတိုင်းသာ ရှိမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင်အယ်လ်နီညိုကြောင့်အပူချိန်လွန်ကဲနေပြီဖြစ်ကာ အောက်တိုဘာ ၁၀ ရက်နေ့က အမြင့်ဆုံး နေ့အပူချိန်အဖြစ် ချောင်မြို့တွင် ၃၈ ဒသမ ၈ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်းမြို့တွင် ၃၇ ဒသမ ရ ဒီဂရီဆဲလ်စီးယပ်၊ ရွှေကျင်မြို့နှင့် အောင်လံမြို့တွင် ၃၆ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်၊ ဖြူးမြိုု့နှင့် မင်းဘူးမြို့တွင် ၃၆ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အပါအဝင် ဧလာမြို့၊ သာယာဝတီမြို့၊ မြင်းမူမြို့နှင့် ဘီးလင်းမြို့တွင် ၃၆ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်အသီးသီး ရှိခဲ့သည်။

ထို့ပြင် အယ်လ်နီညိုကာလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်များ ဖြစ်ပေါ်လျက်ရှိရာ နှစ်ပေါင်း ၃၉ နှစ်အတွင်း ဇောင်းတူမြို့တွင် ၃၇ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်နှင့် နှစ်ပေါင်း ၂၅ နှစ်အတွင်း ဖျာပုံမြို့တွင် ၃၆ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ် အသီးသီး ရှိခဲ့ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စူပါအယ်လ်နီညိုသည် အပူချိန် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများက သတိပေး ထားသည်။

 

စူပါအယ်လ်နီညိုကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန် အလွန်အမင်း မြင့်မားခြင်းနှင့်အတူ မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်းရေကန်များတွင် ရေနည်းပါးလာနိုင်ကာ သောက်သုံးရေနှင့် စိုက်ပျိုးရေ မလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

 

ထို့အပြင် အပူရှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက်ကြရန် သတိပေးထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – ၂၀၂၅ ခုနှစ်က မန္တလေးနွေရာသီ အပူချိန်ပြင်ဆင်ပုံ