ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး ထွန်းအောင်၏ နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား အစားထိုးခန့်အပ်မည်ဖြစ်ကြောင်း ရွေးတုသမ္မတက အမည်စာရင်းပေးပို့ကာ အသိပေးအကြောင်းကြားထားသည်ဟု ယနေ့ အောက်တိုဘာ ၁၂ ရက် ကျင်းပသည့် ရွေးတုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကိုယ်စားလှယ်များကို အသိပေးပြောကြားခဲ့သည်။
ယခင် ကာကွယ်ရေးဦးစီးချုပ်(လေ) တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်အား ရွေးတုသမ္မတ မင်းအောင်လှိုင်က ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အစားထိုးရန်ပြင်ဆင်လာခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ်(၂၂)မှ သင်တန်းဆင်းလာသူဖြစ်ပြီး တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တာဝန်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်တို့ကိုလည်း ထမ်းဆောင်ခဲ့ပြီး လက်ရှိ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။