‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၂ ရက်
‎
မကွေး – ရခိုင်အစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းတွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ လမ်းပိုင်းအတွင်း တိုက်ပွဲများအတွင်း ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် လက်နက်ခဲယမ်းများကို AA က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။
‎
“ဒီရက်ပိုင်း တိုက်ပွဲပြန်စလာပါတယ်။ ဆုံကုန်းအမြောက်တပ်ထဲကိုလည်း စစ်ယာဉ်တန်းတွေ အင်အား ဖြည့်ဝင်ရောက်လာတာလည်း ရှိပါတယ်” ဟု မကွေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က အမ်း – တလိုင်းတောင်လမ်းကို ထိုးစစ်ဆင်နေသည့် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းတစ်ကြောင်းကို AA က ကံကြိုးရွာနှင့် ပတ်ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများအပြင် စစ်လက်နက်ပစ္စည်းများကိုပါ သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမ်း – ပဒါန်းလမ်းရှိ AA ပိတ်ဆို့ထားသည့် နတ်ရေကန်ဗျူဟာ လေကြောင်းရန် ကာကွယ်ရေး စခန်းကို ထိုးစစ်ဆင်နေသည့် စစ်ကြောင်းနှင့် AA တို့သည် ဂုတ်ကြီးရွာ (လမ်းသစ်) အနီးတွင် အောက်တိုဘာ ၉ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှာ အထိနာကာ နောက်ဆုတ်သွားကာ သေဆုံးသူများလည်း ရှိခဲ့သည်ဟု သိရသည်။

‎အဆိုပါ စစ်ကြောင်း ချေမှုန်းခံရမှုများနှင့် တိုက်ပွဲများကြောင့် ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ်အချိန်အထိ ရွေးတုအစိုးရစစ်တပ်ဘက်မှ ထောက်ပို့ဗုံးကြဲလေယာဉ် နှစ် စင်းနှင့် ဂျက်ဖိုက်တာ တစ် စင်းတို့ဖြင့် အမ်းမြို့နယ်အတွင်းသို့ ဆက်လက်ပျံသန်း တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်အတွင်း နတ်ရေကန်ဗျူဟာ လမ်းပိုင်းကို ပို့လွှတ်ထားသည့် စကခ-၁၀ တပ်ရင်းအချို့ကို ညောင်ကျိုးသို့ ပြန်လည်ခေါ်ယူ စုဖွဲ့မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွင် ရွေးတုတပ်ထံက သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ(ပုံဟောင်း)