ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်လျက်ရှိရာ မဲပေါက်သည့် တက္က သိုလ်ကျောင်းသားများအနေဖြင့် ပညာရေးကို ၂ နှစ်တာ ယာယီရပ်နား၍ မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည်ဟု ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ညွှန်ကြားထားကြောင်း မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
ခရိုင်အဆင့်အဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ စစ်မှုထမ်းဆင့်ခေါ်ရေး စီမံခန့်ခွဲမှုများကို တိုက် ရိုက်လွှဲပြောင်းယူခဲ့ပြီးနောက် ရပ်ကွက်နှင့် ကျေးရွာများတွင် မဲနှိုက်ပွဲများကို ဆောင်ရွက် လာခြင်းဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ကျောင်းသားများအပါအဝင် မဲပေါက်သူမည်သူမဆို စစ်မှုထမ်းဆောင်ခြင်းကို ရွှေ့ဆိုင်းခွင့် သို့မဟုတ် ကင်းလွတ်ခွင့် မပြုရန် တင်းကျပ်ထားသည်။

“မဲပေါက်တဲ့သူကို အဓိကထား ခေါ်ဖို့နဲ့ စစ်မှုထမ်းကြေးဆိုပြီး ငွေကောက်တာတွေ မလုပ်ဖို့ ခရိုင်က ညွှန်ကြားထားပါတယ်။ မဲပေါက်ရင် တက္ကသိုလ်ကျောင်းသား ဖြစ်နေရင်တောင် ကျောင်း ၂ နှစ် ယာယီ ရပ်နားပြီး စစ်မှု ထမ်းရမယ်၊ ရွှေ့ဆိုင်းလို့ မရဘူးဆိုတာကို အစည်းအဝေးမှာ တရားဝင် မှာကြားထား တာပါ” ဟု မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေး သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မဲပေါက်ထားသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားချက်များတွင် မဲပေါက်သူ၏ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) နှင့် Smart Card များကို သိမ်းဆည်းထားရန်၊ ခွင့်ပြုချက်မရှိဘဲ ခရီးသွားလာမှုများကို စောင့်ကြည့်ရန်နှင့် လစဉ် ရုံးသို့ လာရောက်လက်မှတ်ရေးထိုးရန် နှင့် သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိစေရန် မိဘအုပ်ထိန်းသူ များထံမှ တာဝန်ယူကြောင်း ခံဝန်လက်မှတ် တောင်းခံထားရန် တို့ပါဝင်ကြောင်း သိရသည်။

အကယ်၍ စစ်မှုထမ်းရန် မဲပေါက်ထားသူ တိမ်းရှောင်သွားပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက လူစားထိုး ရှာဖွေပေးရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လူအင်အား မပြည့်မီပါက တာဝန်ရှိသူများပါ အရေးယူခံရမည် ခရိုင်ဘက်က သတိပေးထားသည်။
အလားတူ မန္တလေးမြို့တွင်လည်း လာမည့် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ စစ်မှုထမ်းကင်းလွတ်ခွင့် အတွက် ငွေကြေးကောက်ခံသည့်စနစ်ကို ဖျက်သိမ်းမည်ဖြစ်ပြီး မဲနှိုက်ရွေးချယ်ထားသည့် အစဉ်လိုက် အတိုင်း စစ်မှုထမ်းစေမည်ဟု အုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူများထံမှ သိရသည်။
ထို့အပြင် အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စတင်ခေါ်ယူတော့မည်ဆိုသည့် ညွှန်ကြားချက်စာ ထွက်ရှိထားကြောင်း သတင်းများလည်း အုပ်ချုပ်ရေးပိုင်းအတွင်း ထွက်ပေါ်လျက်ရှိသည်။
ရွေးတုအစိုးရစစ်တပ်သည် ယခု အောက်တိုဘာလအတွင်း စစ်မှုထမ်း အမှတ်စဉ် (၂၉) ကို ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၉) တက်ရောက်ရန် အဓမ္မ ခေါ်ယူစုဆောင်းခြင်း ခံရသူများ။