ရခိုင်ပြည်နယ်တွင် PDF မရှိသလို စစ်ရေးအရလည်း PDF နှင့်ပူးပေါင်းတာမရှိကြောင်း AA ပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၉ ရက်
ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ မရှိသလို ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော အခြားဒေသများမှ နယ်မြေခံ PDF တပ်များနှင့်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာမရှိကြောင်း ရက္ခိုင့်တပ်တော် – AA က ပြောသည်။
AA အနေဖြင့် PDF အဖွဲ့တချို့နှင့် ကျန်းမာရေး၊ လူမှုရေးအရ ကူညီပေးမှုရှိသော်လည်း စစ်ရေးအရ ပူးပေါင်းခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းများ မရှိကြောင်း ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA အဖွဲ့က ပြောဆိုခြင်းဖြစ်သည်။
“ကျွန်တော်တို့ ရခိုင်ပြည်ထဲမှာတော့ PDF တွေ မရှိပါ။ သို့သော် ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်ဘက်၊ မကွေးဘက်တွေမှာတော့ Local PDF တွေကို သူ့နေရာနဲ့သူ သူတို့လှုပ်ရှားမှုတွေ ရှိတတ်ပါတယ်။ တချို့နေရာတွေမှာ သူတို့လူမှုရေး၊ ကျန်းမာရေးကိစ္စတွေအတွက် ကျွန်တော်တို့ ကူညီပေးနေတာ ရှိပါတယ်။ စစ်ရေးကူညီပေးနေတာမျိုး မရှိပါ။
နောက်တစ်ခုက လေးမြို့ချောင်းဘက်မှာရှိတဲ့ ချင်း PDF တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတော့ရှိပါတယ်။ သို့သော်လည်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့အဆင့်မျိုးတော့ မရှိပါ”ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရှိ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် စစ်ကောင်စီတပ်နှင့် AA တပ်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
“AA က ဘာကြောင့် PDF ကို မကူညီဘူးလို့ ပြောသလဲတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့သိထားတဲ့ အချက်အလက်တွေ အရတော့ ချင်းပြည်နယ် (တောင်ပိုင်း) က PDF တချို့တွေကို AA က စစ်သင်တန်း ပေးတာ ရှိတယ်။ လက်နက်ကိုလည်း တဝက်ဈေးနဲ့ ရောင်းပေးတာမျိုးလည်း ရှိပါတယ်”ဟု ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်မှ
ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော် – AA သည် စစ်ရေးအရ မဟာဗျူဟာကျပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်၊ ပလက်ဝဒေသကို အဓိကခြေကုပ်ယူ၍ တော်လှန်ရေးစတင်ခဲ့ရာမှ တစထက်တစ အင်အား ကြီးထွားလာပြီး လက်ရှိတွင် ချင်းပြည်နယ် (တောင်ပိုင်း) ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တခွင်လုံးသို့
စစ်အင်အားဖြန့်ကျက်ထားနိုင်သည့်အခြေအနေ ရောက်နေပြီဟု စစ်ရေး အကဲခတ်များက သုံးသပ်ပြောဆိုကြသည်။
ဓာတ်ပုံ – AA Info Desk
#စစ်ရေး #AA #PDF #ပူးပေါင်း
#Ayeyarwaddy_Times