စစ်တပ်ရုံးစိုက်တဲ့ဇေယျာသီရိအပါအဝင် နေပြည်တော်မြို့နယ် ၆ ခုကို ၅ ဦးထက်ပိုမစုရ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၈ ရက်

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ မြို့ နယ် ၆ ခုမှာ ၅ ဦးထပ်ပိုမစုရနဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို စစ်ကောင် စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးဌာနက စက်တင်ဘာလ ၁၇ ရက် မနေ့ကရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိအပါအဝင် ဒက္ခိဏ၊ ဥတ္တရ၊ ပျဥ်းမနား၊လယ်ဝေး၊တပ်ကုန်း စတဲ့မြို့နယ် ၆ ခုမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဇမ္ဗူသီရိနဲ့ပုဗ္ဗသီရိမြို့နယ်တွေတော့ ပါဝင်တာ မတွေ့ရသေးပါဘူး။

ထုတ်ပြန်ထားတဲ့မြို့နယ်တွေအတွင်းမှာ လူ ၅ ဦးထက်ပိုမစုဖို့၊ စုဝေး၊ဟောပြော၊ စီတန်းလှည့်လည်သွားလာတာတွေမပြုလုပ်ဖို့နဲ့ ညမထွက်ရအချိန်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိလို့ဖော်ပြထားပါတယ်။

ဒီလိုထုတ်ပြန်တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ကိုဗစ်တွေအဖြစ်များနေလို့ ၅ ဦးထပ်ပိုမစုရဆိုပြီး ပုဒ်မ ၁၄၄ နဲ့ရောပြီးထုတ်ပြန်တာလို့ လယ်ဝေးမြို့ခံတဦးကသုံးသပ် ပြောပါတယ်။

” စကစ ကရူးနေတာလားဘဲပြောရမယ်။ အခုက နေပြည် တော်မှာထူးထူးခြားခြားဖြစ်တာက ကိုဗစ်ဘဲ၊ ကိုဗစ်တွေတော်တော်များများပြန်တွေ့လာတယ် ။ အဲ့ဒီမှာသူတို့က ထိန်းချုပ်နိုင်ပြီလို့ကြွေးကြော်ထားတော့ အရင်လို ကိုဗစ်စည်းမျဥ်းတွေဘာတွေနဲ့အမိန့်ပြန်ထုတ်ရင်အရှက်ကွဲမှာစိုးလို့ ၁၄၄ နဲ့ရောချတာ။ ခုလည်းဘယ်သူမှဆန္ဒထွက်ပြနေတာမှမဟုတ်သလို ၊

ဗုံးကွဲတာလည်းမရှိတာကြာပြီ။ ကိုဗစ်တွေပြန်အဖြစ်များလာလို့ လူစုလူဝေးမလုပ်နဲ့လို့မထုတ်ချင်လို့ ၁၄၄ နဲ့ ၅ ဦးထပ်ပိုမစုရဆိုပြီးလှည့်ချတာ။ အရင် သင်္ကြန်မှာတုန်းကထုတ်တဲ့ ၁၄၄ တောင်ခုထိပြန်ရုတ်သေးတာမဟုတ်ဘူး” လို့ လယ်ဝေးမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း သင်္ကြန်ကာလမတိုင်မီကလည်း စစ်ကောင်စီလက်အောက်ခံအထွေထွေအုပ်ချုပ်ရေးက နေပြည်တော်ကောင်စီနယ်မြေမြို့နယ်အားလုံးကို အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကာစ နေပြည်တော်လမ်းမကိုတွေ့ရစဥ်။(ပုံဟောင်း)

#AyeyarwaddyTimes