ဧရာဝတီတိုင်းမ်
ဇွန်လ ၃၀ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မင်းတပ်-မတူပီလမ်း၊ တပ်ရင်း(၂၇၄)အနီးရှိ (၄)မိုင်ကုန်းမှာ ယမန်နေ့၊ ဇွန်လ(၂၉)ရက်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်သားများစကားများကာ အချင်းချင်းပစ်ခတ်မှုကြောင့် (၃)ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း CDF – Mindat ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယမန်နေ့၊ ဇွန်လ(၂၉)ရက်နေ့မှာ CDF-Mindatနှင့် စစ်ကောင်စီတပ်တို့ တိုက်နယ်အမှတ်(၁)ဘက်တွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားပြီး လက်နက်ကြီးထိမှန်မှုကြောင့် CDF-Mindatဘက်က ရဲဘော်(၁)ဦးကျဆုံးကာ စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း CDF-Mindatက ထုတ်ပြန်ထားသည်။

“ယမန်နေ့၊ ညနေ(၂)နာရီမှာ တစ်ကြိမ်၊ ညနေ(၃)နာရီမှာ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်၊ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်၊ CDF-Mindatဘက်မှာလဲ လက်နက်ကြီးထိမှန်မှုကြောင့် မိမိတို့ CDF-Mindatဘက်က ရဲဘော်(၁)ဦးတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပါတယ်၊ ဒါ့အပြင် ရဲဘော်တစ်ဦးလည်း ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်”ဟု CDF-Mindatက ရေးသားဖော်ပြထားသည်။

ယမန်နေ့က CDF-Mindat နှင့် စစ်ကောင်စီတပ် တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလုံတွီ တိုက်ပွဲတွင် CDF-Mindat မှ၂ ဦး ပျောက်ဆုံးခဲ့ပြီး စစ်ကောင်စီတပ်များမှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အလောင်း ၂ လောင်းလုံးကို ယနေ့မွန်းလွဲ၁၂နာရီ၅၈မိနစ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့၊ ပလုံတွီ ကျေးရွာမှ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ညနေ ၆နာရီ ၁၀ မိနစ် ဝန်းကျင်၌ မကွေးတိုင်း၊ ထီးလင်းမြို့နယ် တောင်ဖက် ကျေးရွာ (ခေါ်) အောင်မြင် ကျေးရွာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CDF – Mindat ၏ သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားသည်။