စစ်ကောင်စီက AA နဲ့ပတ်သတ်တယ်လို့ စွပ်စွဲဖမ်းဆီးမှုတွေကြောင့် ဟိုင်းကြီးကျွန်းမြို့က ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ထိတ်လန့်နေကြ

မင်းခ/ဧရာဝတီတိုင်းမ်

(ဟိုင်းကြီးကျွန်း)၊ စက်တင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီ ဧပြီလက စတင်ကာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအပေါ် စွပ်စွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ နဲ့ စက်တင်ဘာလအတွင်းမှာ ဟိုင်းကြီးကျွန်းမြို့က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအပေါ် ရက္ခိုင့်တပ်တော် – AA နဲ့ ပတ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂ ကြိမ်တိုင်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ဧပြီလထဲက တစ်ကြိမ် ဒီလထဲမှာ တစ်​ကြိမ် ဆိုတော့ ဒေသခံရခိုင်တွေ ထိတ်လန့်နေကြတယ်။ အဖမ်းခံရတဲ့သူတွေကလည်း ဒီဒေသမှာနေနေတာကြာပြီ AA နဲ့ ဆက်သွယ်ဖို့နေနေသာသာ သူတို့ဟာ သူတို့ နေထိုင်နေကြတဲ့သူတွေပါ” လို့ ဟိုင်းကြီးကျွန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဟိုင်းကြီးကျွန်းမြို့ ၊ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာ နှင့် ဇီးဖြူချောင်းရွာ၊ ကျွန်းတဖက်ကမ်းရှိ ကျေးရွာတွေက ဒေသခံရခိုင်တိုင်းရင်းသား ၃၀ ခန့်မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကောင်စီရဲ့ စွပ်စွဲဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ထို့ပြင် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာကဒေသခံရခိုင်တိုင်းရင်းသား ၆ ဦး ကိုဖမ်းဆီးခံခဲ့ရသေးကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

#ဟိုင်းကြီးကျွန်း #စစ်ကောင်စီ #ရခိုင်တိုင်းရင်းသား #စွပ်စွဲဖမ်းဆီး

#Ayeyarwaddy_Times