ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ရက်
ရခိုင်ပြည်နယ်နှင့် ဆက်စပ်ဒေသများအတွင်း အာရက္ခတပ်တော် (AA) ကို ရင်ဆိုင်ရန်အတွက် ရွေးတုအစိုးရစစ်တပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ မဟာဗျူဟာအောက်တွင် ‘ရန်နိုင်အောင်’ စစ်ဆင်ရေးအမည်ဖြင့် ကြည်း၊ ရေ၊ လေ အင်အားသုံး၍ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသော်လည်း တိုက်ပွဲများအတွင်း အထိနာကာ စစ်စခန်းနှင့် ခြေကုတ်နယ်မြေအချို့ကို စတင်လက်လွှတ်နေရကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တပ်သည် ရခိုင်ရိုးမတောင်ခြေတစ်လျှောက်ရှိ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ် များရှိ ရှေ့တန်းစစ်မျက်နှာများသို့ နပခ၊ တပ်မ (၆၆) အပါအဝင် ခလရ-၁ ၊ ခလရ-၁၁ စသည့် စစ်ကြောင်းများကို အင်အားဖြည့်တင်းကာ ရခိုင်ပြည်နယ်တောင်ပိုင်းသို့ တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်း လျက်ရှိသည်။
“ရေကြည်ထဲက ကာကင်းစခန်းတချို့ရယ်၊ သာပေါင်းအစပ်က စခန်းရယ်ကို AA က ပြန်သိမ်းမိထားတာ ရှိပါတယ်။ တိုက်ပွဲတွေ ဆက်ရှိနေပြီး အမြောက်တပ်အနီးထိ ဖြစ်နေတာပါ” ဟု စစ်ရေး သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရေကြည်နှင့် သာပေါင်း မြို့နယ်စပ်အပါအဝင် ဧရာဝတီ-ရခိုင် နယ်စပ်တစ်လျှောက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
ထိုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အထိအခိုက်၊ သေဆုံးများသည့်အပြင် လက်နက်ချအလင်းဝင်မှု များလည်းရှိနေပြီး ကာကင်းစခန်းများနှင့် အရေးပါသည့် စခန်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အခြေအနေ ဆိုးရွားလာကာ နယ်မြေ လက်လွှတ်ရမှုများ ရှိလာသည့် အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ မင်းလှရွာ၊ ဆားပို့တောင်ရွာနှင့် ခမောင်းတောဘက်သို့ ဂျက်ဖိုက်တာ လေယာဉ်များဖြင့် ဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်၍ လေ ကြောင်းမှပါ တိုက်ခိုက်လာခြင်းဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ရွှေမင်းဂံ ရေတပ်စခန်းကို အမှီပြု၍ ရှေ့တန်းကာကင်းစခန်းများ ပြုလုပ်ကာ ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့သော်လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများအတွင်း သေဆုံးမှုများစွာဖြင့် နေရာအချို့ကို စွန့်လွှတ်ခဲ့ရပြီး စစ်ကြောင်းမှူးများပါ သေဆုံးသည့်အထိ ဖြစ်ပွားခဲ့သည်။