မိုဘိုင်းငွေကြေးစာရင်းများမှ ကိုယ်ရေးအချက်အလက် မှန်ကန်ပြည့်စုံမှုမရှိသည့် စာရင်းများကို အပြီးပိတ်သိမ်းမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၇ ရက်

K pay၊ Wave pay အပါအဝင် မိုဘိုင်းလ်ငွေကြေးစာရင်းများမှ ကိုယ်ရေးအချက်အလက်များမှန်ကန်ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိသည့် မိုဘိုင်းငွေပေးချေမှုစာရင်းအကောင့်များကို အပြီးပိတ်သိမ်းမည်ဟု စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်မှ ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများအနေဖြင့် မှတ်ပုံ တင်ထားသည့် ဆင်းကတ်၊ အမည်၊ မှတ်ပုံတင်အမှတ်အားလုံး ဖြည့်သွင်းရမည်ဖြစ်ပြီး အချက်အလက်များ မှန်ကန်မှုရှိ၊​မရှိကို လဝကနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ ဆင်းကတ်မှတ်ပုံတင်ခြင်း အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ဖော်ပြသည်။

ထို့အပြင် ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်းရမည်ဖြစ်ပြီး ငွေကြေးစာရင်း အကောင့်များကို သက်ဆိုင်ရာဘဏ်များနှင့် ကိုယ်စားလှယ်ခွဲများထံတွင် Level 2 အဆင့်မြှင့်တင်ထားရမည်ဖြစ်ကြောင်း သိရသည်။

” အဓိက ကျနော်တို့နားလည်တာက ဒီမှာကလည်း Kpay၊Wave pay ကိုသုံးတာများကြတော့ ဒီကောင်တွေက Simcard နံပါတ်နဲ့ ဖွင့်ရတာဆို​တော့ Sim card မှတ်ပုံတင်ထားတဲ့ နာမည်၊မှတ်ပုံတင်နံပါတ်အချက်အလက်တွေနဲ့ အဲ့ဒီ နံပါတ်နဲ့ဘဲ Kpay၊ Wave မှာ ဖွင့်ထားပြီး Sim card ကအတိုင်းမတူရင် အဲ့ အကောင့်ကိုပိတ်ချလိုက်မှာ။ အဲ့တာတူ၊မတူဆိုတာကို

သူတို(စကစ)က အော်ပရေတာတွေ၊ဘဏ်တွေကအချက်အလက်တွေနဲ့ လဝက ဟာတွေနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုတဲ့သဘောမျိုးလို့နားလည်ထားပါတယ်” ဟုရန်ကုန်မြို့တွင်းငွေလွှဲ၊ထုတ်ဝန်ဆောင်မှုလုပ်ငန်းကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်တွင်းဖုန်းဆင်းမ်ကတ်များဝယ်ယူသုံးစွဲရာတွင် မိုဘိုင်းလ်ဖုန်း ဆိုင်များမှ ဆင်းမ်ကတ်မှတ်ပုံတင်ပြီးသားများကို ဝယ်ယူသုံးစွဲမှုများ များပြားသဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင်ဖော်ပြထားသည့်အချက်အလက်များနှင့် မိုဘိုင်းလ်ငွေကြေးစာရင်းဖွင့်လှစ်ရာတွင်ဖော်ပြထားသည့်အချက်အလက်များ အများအပြားတူညီမှုမရှိကြောင်း Kpay သုံးစွဲသူ

ရန်ကုန်မြို့ခံတဦးကပြောသည်။

” သူတို့ဟာတွေက တမျိုးပြီးတမျိုးပြောင်းနေတာ၊ ဖုန်းဆိုင်တွေဆင်းမ်ကတ်ဝယ်ရင် အကုန်လုံးက ဆင်းမ်ကတ်တွေကို ဆိုင်အမည်ပေါက်တွေတင်ထားပြီးသားများတယ် ။ Kpay ဖြစ်ဖြစ်၊Wave ဖြစ်ဖြစ်ဖွင့်တဲ့ခါကျရင်တော့ ကိုယ့်အချက်အလက်ကိုထည့်တာပေါ့၊ အဲ့နှစ်ခုကမတူကြတာများပါတယ်” ဟု အဆိုပါ ရန်ကုန်မြို့ခံအမျိုးသားတဦးကပြောသည်။

မိုဘိုင်းလ်ငွေကြေးစာရင်းများအပေါ် ယခုကဲ့သို့ အထုတ်ပြန်မီကလည်း ငွေလွှဲ၊ငွေထုတ်ကိုယ်စားလှယ်များအနေဖြင့် လာရောက်ထုတ်ယူသူများ၏ အချက် အလက်များ တောင်းယူရန်၊ CCTV တပ်ဆင်ထားရန်နှင့် လာရောက်ထုတ်ယူသူအား လျှို့ဝှက်၍ဓာတ်ပုံရိုက်ထားရန်လည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကညွှန်ကြားခဲ့သေးကြောင်းသိရသည်။

#AyeyarwaddyTimes