ဒီပဲယင်းမှာ စစ်ကောင်စီလေတပ်က ရဟတ်ယာဥ် ၄ စီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၅ဦး အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော်ဖမ်းဆီးခံရ

အိဏ်လင်းအိမ် / ဧရာဝတီတိုင်းမ်

(ဒီပဲယင်း) ၊ စက်တင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေး ရွာကို ယမန်နေ့ စက်တင်ဘာလ ၁၆ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

လေကြောင်းမှ တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီး ၊ သယ် ယူပို့ဆောင်ရေးရဟတ်ယာဥ်များဖြင့် စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူ ၄ ဦး၊ ငါးဖမ်းနေသည့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” မြေပြင်အခြေအနေက တော်တော်ဆိုးဝါးပါတယ်။ ရဟတ်ယာဉ်နဲ့ ဝင်ပစ်တာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဦးတည်ပစ်ခတ်တဲ့အတွက် စာသင်နေတဲ့ ကလေးတွေထိခိုက်ခဲ့ရတယ် ။ယဉ်ကျေးလိမ်မာ သင်နေတဲ့ကျောင်းသား (၃) ဦး ၊ ကျောင်းသူ(၁) ဦး သေဆုံးပြီး၂၂ ဦးအထိ ဒဏ်ရာရထားပါတယ်။ ပြီးတော့ရွာအပြင်မှာ အင်ပင်ရွာက သားအဖ နှစ်ဦး

ငါးဖမ်းနေတုန်း (၁၁)နှစ်ရွယ်ကလေးငယ်တစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ရတယ်။ ရွာသားသေတာက ၅ ယောက် ၆ ယောက်လောက်ရှိမယ်” ဟု ဒီပဲယင်းညီနောင်များအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသည့်ကလေးငယ်များနှင့်ဒေသခံများ၏ရုပ်အလောင်းတချို့ကိုလည်းစစ်ကောင်စီတပ်က ယူဆောင်သွားကြောင်း ၎င်းကဆက်လက်ပြောသည်။

ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်များက ဒဏ်ရာရ ကလေးငယ်များ ဆရာ၊ဆရာမများ အပါအဝင် ဒေသခံ ၂၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

” နောက်ဆက်တွဲအနေနဲ့ကတော့ ရေဦး သုဿာန်မှာ ပီနံအိတ်တွေနဲ့ ထုတ်ထားတဲ့ အလောင်းတွေ မီးလာ ရှို့တယ်လို့ သိရတယ်။ ဦးခေါင်းမပါတဲ့ မိန်းကလေးအလောင်းနှစ်လောင်း ပါဝင်တယ်လို့ သတင်းပေးပို့မှုအရ သိရတယ်။ ကလေးသူငယ်အလောင်းတွေက ဘယ်သူ ဘယ်ဝါဆိုပြီး အတည်ပြုဖို့ ခက်ခဲနေဆဲအခြေအနေဘဲ။ ဖမ်းခံလိုက်ရတာကလည်း ဆရာမတွေနဲ့ရွာခံတွေ ၂၀ ကျော်တယ်။ ခလေးတွေရေ၊ လူကြီးတွေရော ဆရာ၊ဆရာမတွေရောအဖမ်းခံရတာ ” ဟု ဒီပဲယင်းညီနောင်များအဖွဲ့ တာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် လက်ယက်ကုန်းကျေးရွာ အပါအဝင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

Photo_ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့

#AyeyarwaddyTimes