ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ထံ ထောက်ပို့တပ်မလာလို့ ရိက္ခာပြတ်တောက်နေ၊ အနီးအနားရွာတွေက ကြက် ဝက်တွေ လုယူစားသောက်နေရ

ဧရာဝတီတိုင်းမ်

(ယင်းမာပင်)၊စက်တင်ဘာ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ(ပျူစောထီးရွာ)တွင် စခန်းချနေထိုင်သော စစ်ကောင်စီတပ်များတွင် စားနပ်ရိက္ခာပြတ်တောက်နေခြင်းကြောင်း အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကြက်၊ဝက်နှင့် ရိက္ခာများ ရှာဖွေစားသောက်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပျူစောထီးရွာဟု နာမည်ကြီးသည့် ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည်မှာ ၆ လဝန်းကျင်ရှိနေပြီး ထောက်ပို့တပ်များမလာသောကြောင့် ရိက္ခာပြတ်တောက်နေသည်မှာ ၃ လဝန်းကျင်ရှိနေပြီဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့အချို့ထံမှ သိရသည်။

“သူတို့ငတ်နေပြီ။ အရင်ကဆို ၁ လတခါလောက်လာတယ်။ ခုမလာတာကြာပြီ။ ၁၂ရက်နေ့ကလည်း ဘန့်‌ဘွေးရွာဝန်းကျင်ကရွာတွေ စစ်ရှောင်စခန်းတွေကနေ ကြက်တွေ၊ ဝက်တွေ ရိက္ခာတွေရော ထော်လာဂျီပါမကျန် ချောဆွဲသွားတာ။ ထော်လာဂျီပြန်ရဖို့ကို မနည်းပြန်ရွေးလိုက်ရတယ်။ ငတ်တော့အကုန်ပတ်ရမ်းနေတာ” ဟု ဒေသခံ PDFအဖွဲ့ဝင်တစ်ဦးက

ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းတို့တပ်စွဲထားရာ ဘန့်ဘွေးရွာသည် ပျူစောထီးအများစု နေထိုင်ရာ ကျေးရွာဖြစ်ခြင်းကြောင့် စားနပ်ရိက္ခာ လုယူရှာဖွေမှုများ မလုပ်ဆောင်ပဲ အနီးဝန်းကျင်ရှိ ရွာများကိုသာ ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု ဒေသခံအချို့ကဆိုသည်။

“သူတို့ နေတဲ့ရွာက ပျူရွာဆိုတော့ အိမ်ထဲ ကြက်

တွေ ဝက်တွေ ဝင်ဆွဲတာမလုပ်ရဲကြဘူး။ အနီးအနားကရွာတွေကိုပဲ ပတ်ဒုက္ခပေးနေတာ။ ကြက်တွေ့တွေ့ ဝက်တွေ့တွေ့ အကုန်ဝင်မသွားကြတာချည်းပဲ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်၊ ရဲ နှင့် ပျူစောထီး ၂၀ ကျော် စုစုပေါင်း အင်အား ၁၀၀ ကျော် အခြေချတပ်စွဲထားကြောင်း နယ်မြေခံ PDF အဖွဲ့အချို့ထံမှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်များက ဒေသခံ PDF တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ဒေါင်းလုလင် – LPDF အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း LPDF ထံမှ သိရသည်။

#ဘန့်ဘွေးရွာမ #စစ်ကောင်စီ #ထောက်ပို့တပ် #ရိက္ခာ #ပြတ်တောက်နေ

#Ayeyarwaddy_Times